Ep - 26

527 33 3
                                    

အခန်း (၂၆)

အခန်းတံခါး ဖွင့်ဖွင့်ချင်း မရှုမလှ မြင်ကွင်းနှင့် တေ့ဆိုင် တိုးသည်။ အခန်းထဲ ဖန်ခွဲစ တချို့နှင့် နီရဲရဲ သွေးစက်တို့ ပွစာကြဲလျက်။ ဆိုဖာထိုင်ခုံနား ခေါက်ပုံ ဖြစ်နေသည့် ရှိန်းမှာ ဖျော့တော့လို့ နေသည်။

လက်ရှိ ရင်ဆိုင်နေရသည့် အဖြစ်အပျက်က နားလည်ဖို့ တွေးတောချိတ်ဆက်၍ မရအောင် မြန်ဆန်နေသည်။

နားထင်စပ်မှ စီးကျနေသော သွေးစက်တို့က ရှိန်းရဲ့ ဝေဒနာကို ဖော်ဆောင်ပြသည်။ မျက်ရည်စတွေနှင့် ရှိန်းမှာ အသိစိတ်ကို ထိန်းမတ်လျက် သတိ မလွတ်အာင် ကြိုးစားယူနေသည်။

" ရံရော .. ရံ ဘယ်မှာလဲ "

ရှိန်း အနား အပြေးအလွှား ရောက်သွားသူ၏ နှုတ်မှ ဦးဆုံး စွန့်ကျလာသော ဝေါဟာရက တစ်ဖက်လူ ရင်ကို ဓားဖြင့် မွှန်းလိုက်သည့်ပမာ ခံရခက်လိမ့်မည့် ဖြစ်ခြင်း။ သွေးအလိမ်းလိမ်းနှင့် ရှိန်းမှာ အံကို ကြိတ်ကာ မာန်တင်းလျက် ခံရခက်စွာ ပြုံး၏။ ရှိန်းရဲ့ ရှေ့တွင် ဒူးတစ်ဖက်ထောက် ထိုင်လျက် ခေတ်မှာ အားနာစွာ တုံ့ဆိုင်းသွား၏။

ထိုအခါမှ ခန့်တည်ကြည်မှာ ကြားဝင်ခွင့် ရတော့သည်။

" ငါ အခုပဲ ဆေးရုံကား ခေါ်ထားတာမို့ စိတ်မပူနဲ့တော့နော်။ မင်းကို ခေတ် စောင့်နေပေးလိမ့်မယ် "

ခေတ်က အလိုမကျစွာ မော့ကြည့်လာသည်။ ခေတ်ရဲ့ မျက်ဝန်းတွေကို ဂရုမဲ့ရင်း သင့်တင့် မျှတစွာ လုပ်ဆောင်ဖို့ ရှေ့ဆက်တိုးလိုက်သည်။
အခုချိန်မှာ အကူအညီ လိုအပ်နေသူက ရှိန်း တစ်ယောက်တည်း မဟုတ်ဘဲ သူတို့လည်း အတူတူပဲ မဟုတ်လား။ ချင်းကို ရှာတွေ့နိုင်မည့် နည်းက ရှိန်းဆီမှာပဲ ရှိသည်။ ထို့ကြောင့် အချိုသတ်ကာ ချော့မော့ပြီး ပြောရမည်။

" ချင်းကို ဘယ်သူ ခေါ်သွားတာလဲ။ ခု ဘယ်မှာ ရှိနေလဲဆိုတာ မင်း သိတယ်မလား။ ငါ့ကို ကူညီပါ "

ခေတ်ရဲ့ ဘေးမှာ ဆောင့်ကြောင့် ထိုင်ချရင်း လေပြည်သွေးရသည်။ မာန်ဖျော့သွားသည့် ရှိန်းရဲ့ မျက်ဝန်းတစ်စုံမှာ နာကြည်းမှုတို့ ပြေလျော့လေပြီ။
ခေတ်ကို တစ်လှည့်၊ ခန့်ကို တစ်ငဲ့ ကြည့်ပြီးနောက် စေ့ပိတ်ထားသော နှုတ်ခမ်းလွှာကို အားယူကာ ဖွင့်၏။

ေၾကး (ကြေး)Where stories live. Discover now