Ep - 29

331 25 2
                                    

အခန်း (၂၉)

" ခေတ် .. ခေတ် ထတော့။ ပန်းခြံ ရောက်ပြီ "

မာမီက ပန်းခြံ လိုက်ပို့ပေမဲ့ ခေတ် မပျော်နိုင်ပါ။ စိတ်ထဲမှာ ဝမ်းနည်းမှုကိုသာ ခံစားနေရသည်။ ထို့ကြောင့် ကားပေါ်တက်ကတည်းက ခေတ် မျက်လုံးစုံမှိတ်ကာ အိပ်ချင်ယောင်ဆောင်ခဲ့သည်။ မာမီနဲ့ ခေတ် နှစ်ယောက်တည်း ထွက်လာခြင်းမို့ မာမီက ခေတ်ကို ကားရှေ့ခန်းမှာပဲ ထိုင်စေသည်။
မာမီနဲ့ လာခဲ့သည့် လမ်းတစ်လျှောက်လုံးက တိတ်ဆိတ် ငြိမ်သက်လွန်းသည်။ ခေတ်အပေါ် နားပူနားဆာ လုပ်ကာ ဂျီကျတတ်သည့် ရံ့အသံဆာဆာလေးကို မကြားရ၍ ခေတ်မှာ လွမ်းမိသလိုလိုပင် ရှိ၏။

မာမီ့အသံကြောင့် မှိတ်ထားသော မျက်ဝန်း တစ်စုံကို လေးလံစွာ ဖွင့်လိုက်သည်။ မာမီက ကားခါးပတ်ကို ဖြုတ်ကာ ဆင်းဖို့ ပြင်နေလေပြီ။ ထိုအချိန်မှာပဲ ....။

" ဝါးးး "

ခေတ် ကားခါးပတ်ကို ဖြုတ်ဖို့ ပြင်ချိန်မှာပဲ နောက်ခန်းဆီက ထွက်လာသည့် အသံ။ အိမ်နေရင်း ဝတ်စုံလေးနဲ့ ရံက ခြုံစောင်ထဲက ထွက်ကာ ခေတ်ကို ရယ်ပြနေသည်။ ခေတ်မှာ အံ့သြလွန်း၍ ဘာမှ မပြောနိုင်။ မာမီလည်း ထိုနည်းတူပင်။ ဒီပူစီကောင် ကားပေါ် ပါလာမည်ဟု ထင်မထား၍ ရံ့ကို ကြည့်ကာ မှင်သက်နေသည်။

" ရံ .. သားက ဘယ်လိုဖြစ်ပြီး "

" ရံလည်း ကိုကိုနဲ့အတူတူ ဆော့မှာ "

ကားအပြင်ဘက်ကို တစ်ချက် ကြည့်ရင်း ရံက အပြုံးလေးနှင့် ဆိုသည်။ မာမီ မသိအောင် ခိုးလိုက်လာပြီး အပြစ်လုပ်ထားတာကိုလည်း ကြောက်ရကောင်းမှန်း မသိ။

" ရံ့ကို မာမီ ပြောထားတယ်လေ။ ရံ နေမကောင်းသေးလို့ နောက်တစ်ခေါက်မှ အတူ လိုက်ပို့မယ်လို့။ အဲဒါကို စကား နားမထောင်ဘဲ ခိုးလိုက်လာရလား "

" --- "

" ရံ အဲ့လိုတွေ လုပ်ရင် မာမီ ရိုက်တော့မှာနော် "

" ရံ .. ရံက ကိုကိုနဲ့ အတူ ကစားချင်လို့ပါ "

မာမီ့လေသံလေး မာရုံ ရှိသေး။ ရွှေဝန်းရံချင်းတို့က မျက်ရည်လည်ရွှဲ ဖြစ်ပြီ။ သနားကမား လေသံလေးနှင့် မျက်နှာ ငယ်ချပုံက ပီဘိ အပြစ် ကင်းစင်လှသည်။ ဒီပူစီကောင်က လူသာ ငယ်ပေမဲ့ ပညာတော့ မသေး။ မာမီ့အသည်းကို ဘယ်လို ကိုင်လှုပ်ရမလဲ ကောင်းကောင်း သိသည်။ ခေတ်အပေါ် အေးစက်ပေမဲ့ ရံ့ကိုတော့ မာမီက သည်းသည်းလှုပ် ချစ်ရှာသည်။ ရံ နေမကောင်းလျှင် အနားက မခွာနိုင်သည်အထိ စိုးရိမ် ပူပန်တတ်သည်။ ရံ ဂျီကျသမျှ မညည်းမညူ လုပ်ပေးရှာသည်။ ရံ ဆိုးသမျှ အပြုံးလေးနှင့် အကြင်နာမပျက် လက်ခံကာ မေတ္တာတွေ ပေးထားနိုင်သည်။

ေၾကး (ကြေး)Where stories live. Discover now