Ep - 39

346 24 0
                                    

အခန်း (၃၉)

မနက်အချိန်မှာ တစ်နာရီ ဖြစ်သည်။ ခန့်တည်စေ တရေးနိုးလာရာ ဘေးကို စမ်းကြည့်လိုက်၏။ လစ်ဟာနေသော လက်တစ်ဖက်ကြောင့် မျက်ဝန်းအစုံ ပွင့်သွား၏။ ချင်းက အိပ်ရာထဲမှာ မရှိတော့ပေ။ ဆန့်ခင်းထားသော ခန့်ရဲ့ ကျောပြင်မှာ ရုတ်ချည်း မတ်သွား၏။ ထို့နောက် မီးဖွင့်ကာ ရေချိုးခန်းဆီ အရင် လျှောက်သွားပေမဲ့ ချင်းကို ရှာမတွေ့။ ခန့် အခန်းထဲက အမြန် ထွက်ခဲ့လိုက်သည်။ သူ၏ အိပ်ချင်စိတ်မှာ လုံးလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။

အခန်းပြင် ရောက်တော့ ဆေးလိပ်ငွေ့နံ့ကို ရသည်။ ဝရန်တာဆီ အကြည့်ပို့မိရာ ညအမှောင်ထဲ ဆောင့်ကြောင်ထိုင်နေသော ကျောပြင်ငယ်ကို တွေ့ရ၏။ ခန့် အခန်းထဲကိုပြန်ဝင်လိုက်သည်။ ပြီးနောက် ရေခဲသေတ္တာထဲမှာ ဘီယာနှစ်ဘူးကို ထုတ်ယူလိုက်၏။

ချင်းက လေသာဆောင်မှာ ထိုင်ကာ မွန်းကြပ်မှုကို ဆိတ်ငြိမ် ခြောက်ကပ်စွာ မှုတ်ထုတ်လို့ နေဆဲ။ အခန်းထဲက ယူလာသော အပေါ်ထပ် ဆွယ်တာကို ချင်းရဲ့ ပခုံးပေါ် လွှမ်းခြုံပေးလိုက်ပြီးနောက် ဘေးမှာ အတူ ငုတ်တုတ် ထိုင်ဖြစ်သည်။

" လေအေးတယ် "

ငဲ့ကြည့်လာသည့် ချင်းကို ပြောကာ လေပြည်၏ ဆော်သွေးမှုကို ခံစားလိုက်သည်။ လက်ထဲက ဘီယာတစ်ဘူးကိုပါ ဖောက်လိုက်၏။ ချင်းက ခန့်ဆီမှ မျက်ဝန်းတစ်စုံ ဖယ်ခွာကာ ရှေ့သို့သာ ငေးရှု၏။ ကောင်းကင်မှာ လမင်းတစ်စင်းသာ အထီးကျန်စွာ အလင်း ဖြန့်ကျက်လို့ နေရှာ၏။ ခုနစ်စင် ကြယ်တို့မှာ စင်မြင့်ထက် ကခုန်ဖို့ အခွင့် မသာသေးဟန်။ မဟူရာ ကန့်လန်ကာနောက် မှုန်ရီ ပျောက်ရှနေသည်။

ချင်းက ဆေးလိပ် အခိုးအငွေ့အား ရှိုက်ဖွာနေဆဲ။ လေပြည်က အေးမြမှုကို ဆောင်ကြဉ်းမြဲ။ ဝန်းကျင်မှာ ဆိတ်သုဉ်းလျက်။ ခန့် ဘီယာ တစ်ငုံ မော့သောက်လိုက်သည်။

" အိပ်မပျော်ဘူးလား "

" အင်း "

တစ်ခွန်းမေး၊ တစ်ခွန်းဖြေ။ ခန့်နဲ့ ချင်းရဲ့ ကြား တိတ်ဆိတ်မှုက တုံ့ဆိုင်းမှု မရှိ ဝင်ရောက် နေရာယူသည်။

ေၾကး (ကြေး)Where stories live. Discover now