အခန်း (၃၀)
" ဘယ်လိုဖြစ်တာလဲ။ ငါ သေချာမှာထားရဲ့နဲ့ အလုပ်ကို ဘယ်လိုလုပ်နေကြတာလဲ "
အိမ်ထဲ ဝင်ဝင်ချင်းပဲ မာမီက တစ်ဖက်ကို ဖုန်းခေါ်ကာ အပြတ် ပြောနေသည်။ စိုးရိမ် ပူပန်မှုကြောင့် မာမီ့ လှုပ်ရှားမှုများမှာ မငြိမ်သက်ပေ။ မာဆတ်သည့် လေယူလေသိမ်းက မာမီ့ ဒေါသကို ဖော်ပြနေသည်။ ခေတ် လှေကားထောင့်တွင် ငြိမ်ငြိမ်လေး ရပ်ကာ မာမီ့ကိုသာ ငေးကြည့်နေမိသည်။ ထိုအချိန်မှာပဲ အိမ်ထဲ ဝင်လာသော ခြေသံတစ်စုံ ပိုင်ရှင်ကြောင့် ခေတ် ကိုယ်လေး အနည်းငယ် ကြုံ့မိသွား၏။
အချိန်အခါ မဟုတ်ဘဲ အိမ်ကို စောပြီး ပြန်လာသည့် ဒယ်ဒီက ရံ ပျောက်နေသည့် အကြောင်းကို သိသွားပြီလော။ ခေတ်ကိုရော ဆူပူ မာန်မဲမည်လား။ အတွေးကြောင့် ခေတ် အသံမထွက်ရဲအောင် ကြောက်ရွံ့နေပေမဲ့ မာမီကတော့ ဒယ်ဒီ ပြန်ရောက်နေခြင်းအား သတိမပြုမိပုံ။ ဒယ်ဒီ့ကို ကျောပေးထားလျက် အနေအထားဖြင့် ဖုန်းပြောနေဆဲ။
" နင့်ကို ခိုင်းထားတာ ခေတ်သစ်ကို ခေါ်သွားဖို့လေ။ ငါ့သားနဲ့ လူမှားမှာစိုးလို့တောင် အနွေးထည် ဝတ်ထားတဲ့ ကလေးနော်လို့ သေချာ ပြောခဲ့တယ်မလား။ စကားကို ဘယ်လို နားထောင်နေတာလဲ။ ခု ငါ့သား ဘယ်မှာလဲ။ နေရာ ပြော။ ငါ ခုချက်ချင်း လာခေါ်မယ် "
" ခင်ဗျားသားကို လူမှားပြီး ခေါ်သွားတဲ့ ကောင်က ကျုပ်အဖွဲ့ထဲက လူ မဟုတ်ဘူး။ အရေးပေါ် ကိစ္စ ပေါ်လို့ ကျုပ်ကောင်က လူသစ်ကို လွှဲလိုက်တာ။ ခင်ဗျားသားကို ခေါ်သွားတာ ပိုက်ဆံလိုနေလို့ ကြေးစား ဝင်လုပ်ပေးတဲ့ လူသစ်ကောင်ပဲ။ သူကလည်း ဒါမျိုး အတွေ့အကြုံ မရှိတော့ ကြောက်ကြောက်လန့်လန့်နဲ့ ဆွဲလာတာ"
" ဘာ !! "
" ဟက် ... ဒါပေမဲ့ ပိုပြီး အဆင်ပြေသွားတာပဲ။ အခု ခင်ဗျားသားက ကျုပ်တို့ လက်ထဲမှာဆိုတော့ ကြေးစကား ပြောလို့ ပိုကောင်းသွားပြီပေါ့ "
" ငါ့ကို ခွေးစကားတွေ လာမပြောနဲ့။ နင်တို့ တောင်းတဲ့ ပိုက်ဆံကို ငါ ပေးထားပြီးသား။ အခု ငါ့သား ဘယ်မှာလဲ။ ငါ့သား တစ်ခုခု ဖြစ်လို့ကတော့ နင်တို့ အေးဆေးနေရမယ် မထင်နဲ့ "