အခန်း (၁၅)
မခေါ်ဘဲ ရောက်လာသည်။ နှင်ပေမဲ့ မပြန်။ ဧည့်သည်လည်း မဟုတ်။ အိမ်ရှင်လည်း မဟုတ်။ လူစိမ်းလည်း မဟုတ်။ လူရင်းလည်း မဟုတ်။ ခန့်တည်စေက ထိုအရာကို ချင်းဟု အမည်တပ်၏။
ခုလည်း ချင်းက အိပ်ရာပေါ် တက်နှင့်ချေပြီ။ အဖျားငွေ့ ရှိနေ၍ ဒီအချိန်ကျမှ အတင်း ပြန်ခိုင်းဖို့လည်း စိတ်က မချ။ စိတ်ထင်တိုင်း ကြဲတတ်သည့် ချင်းရဲ့ အကျင့်ကို သိနေပြီမို့ အိမ်ပြန်ဖို့ လေကုန်ခံပြီး ပြောမနေတော့ပေ။ ထို့ကြောင့် ခွင့်ပြုခြင်း မမည်သည့် လိုက်လျောမှုကို ပြုရတော့၏။
' ခန့် အိပ်နေပြီလား '
ချင်းရဲ့ ဘေးမှာ ဝင်လှဲရင်း ကျောပေးထားလိုက်သည်။ ညအိပ်ချိန်မို့ မီးချောင်းကို ပိတ်တော့ ချင်းက မီးအိမ် ဖွင့်ပေးဖို့ တောင်းဆို၏။ အခန်းထဲ လိမ္မော်နီရောင် မီးရောင်ဖျဖျက မှိန်တိမ်တိမ် လင်း၏။
' ခန့် ဘယ်သူနဲ့ စကား ပြောနေတာလဲ '
ကျောပေးထားပေမဲ့ ခန့် အေးဆေး မနေရပါ။ ချင်းက စာတတောင်တောင် ပို့နေသည်။ လူကလည်း အိပ်မပျော်သေး၍ ချင်းပို့သမျှ စာကို ဖတ်ဖြစ်၏။
' ခန့် ငါ ပြန်ဖျားနေပြီ ထင်တယ် '
' ငါ့မျက်လုံးတွေ စပ်လာပြီ '
' အသားတွေလည်း နာနေတယ် '
စာမပြန်ပေမဲ့ ချင်းက ဆက်တိုက် ပို့နေဆဲ။ ကီးဘုတ်ပေါ် လက်လှုပ်နေပေမဲ့ နှုတ်ခမ်းကတော့ အသံ ထွက်မလာ။ ဒီလိုမျိုး ကြောင်တောင်လေး ချင်းမို့ ခန့်မှာ ရင်ခုန်သံ ငြိမ့်ငြိမ့် လှုပ်ခါရ၏။
ချင်းရဲ့ နည်းလမ်းတွေက ရယ်စေ၊ မောစေနိုင်စွမ်း ရှိသည်။' ခန့် .. ဒီဘက် မလှည့်တော့ဘူးလား '
' ခန့် .. ငါ နည်းနည်းတိုးမယ်နော်။ ချမ်းလို့ '
ရွေ့လာသည့် ကိုယ်လေးက အပြောနဲ့ အလုပ် ညီကြောင်း သက်သေထူ၏။ ဝင်လာသည့် စာတိုင်းကို ဖတ်ဖြစ်ပေမဲ့ စာမပြန်မိသလို ခန္ဓာကိုလည်း ချင်းရှိရာဘက် မလှည့်ပြောင်းဘဲ နေမြဲတိုင်းသာ ကျောပေးထားသည်။
' ခန့် ငါ နည်းနည်း ဖက်မယ် '
ခါးပေါ် ရောက်လာသည့် လက်တစ်ဖက်က ခန့်ရဲ့ နားရွက်ဖျားတွေကိုပါ လူးလွန့်စေသည်အထိ။ ကြက်သီးထမတတ် အသည်းယားရသည်။
