Ep - 5

844 88 3
                                    

အခန်း (၅)

" ရေ အရင်ချိုး "

ရင်ဘတ်ဆီ ရေလဲပုဆိုး တစ်ထည် ပစ်ပေးရင်း ပြောပေမဲ့ ချင်းက အူကြောင်ကြောင် လုပ်နေဆဲ။
ခန့်တည်စေ စိတ်မရှည်ပေမဲ့ မတတ်နိုင်။ ချင်း နားလည်အောင် ရှင်းပြရတော့သည်။ သို့ပေမဲ့ လေသံက ပျော့ပျောင်းခြင်း မရှိ။ မာဆတ်ဆတ် နိုင်ချင်သည်။

" ရေချိုးပြီးမှ ထမင်းစားရမယ်။ မင်း ပုံစံကိုလည်း ကြည့်ဦး။ ပေလူးပြီး ညစ်ပတ်နေတာပဲ "

" ချင်းမှာ အင်္ကျီအပိုမှ မရှိတာ "

" ငါ သိတယ်။ ဆင်ခြေ မကန်စမ်းပါနဲ့။ ငါ ပြောသလိုသာ လုပ်စမ်းပါ။ မင်းကို ပြန်ရှင်းပြနေရတာ မောတယ် "

ပခုံးနှစ်ဖက်ကို ဆွဲလှည့်ကာ ကျောကို တွန်းပြီး ရေချိုးခန်းထဲ ထည့်ပေးဖြစ်သည်။ ချင်းက ဆံပင်သာ တိုပေမဲ့ ရစ်ကြောက ရှည်သည်။

" ဆပ်ပြာပါ တိုက်နော်။ ရေပဲ လောင်းပြီး ထွက်မလာနဲ့ "

" ချင်း သိပါတယ် "

" အေး။ သိတယ်ဆိုပြီး တလွဲ လုပ်မလာနဲ့။ မင်းကိုယ်မှာ ဆပ်ပြာနံ့ မရရင် နောက်တစ်ခါ ထပ်ချိုးခိုင်းမှာနော်။ ငါ ပြောတာ ကြားလား ချင်း "

" ရေချိုးနေတယ်။ မကြားဘူး "

ရေချိုးခန်း တံခါးကို ဆောင့်ပိတ်ပြီး အပြင်က လှမ်းအော်ရပြန်သည်။ စိတ်မချ၍ မှာကြားမှုကို ချင်းက မရိုမကျိုး တုံ့ပြန်သည်။ လူပုံစံကသာ နုံတိနုံချာ ထင်ရပေမဲ့ အပိုးလေး သိပ်မကျိုးချင်။ တကယ့် မလွယ်ကြောပါလေ။

ပြိုင်ဖြစ်နေရင် လေကုန်ပြီး မောတာပဲ ရှိမှာမို့ ဗီရိုဖွင့်ပြီး ချင်း ဝတ်ဖို့ အင်္ကျီ ရှာရတော့သည်။ ချင်းနဲ့ ခန့်တည်စေက ခန္ဓာကိုယ် ဖွဲ့စည်း တည်ဆောက်ပုံချင်း ကွာဟတာ သိပ်မရှိပေ။ ထို့ကြောင့် ချင်းကို သူ့ရဲ့ အဝတ်အစား ပေးဝတ်ဖို့ အဆင်ပြေသွားသည်။

အိမ်နေရင်း ပုဆိုးနဲ့ တီရှပ်လက်တို တစ်ထည်ကို ချင်းအတွက် ထုတ်ပေးပြီး ကုတင်ပေါ် တင်ထားလိုက်၏။ အိမ်မှာ အိပ်ခန်း တစ်ခန်းသာ ရှိသည်။ ချင်းနဲ့ အတူ မျှသုံးဖို့အထိတော့ ခန့်တည်စေ သဘော မကောင်းနိုင်ပါ။ ထို့ကြောင့် ညအိပ်ရင်တော့ အခန်းအပြင်မှာပဲ ချင်းကို ထွက်အိပ်ခိုင်းရမည်။

ေၾကး (ကြေး)Where stories live. Discover now