အခန်း (၁၆)
" မင်းကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်တာလဲ။ ငါ့ကို ပြော ဟိန်း "
ပတ်တီးဖြူ ကိုင်ထားသည့် ဟိန်းရဲ့ ခြေချင်းဝတ်ကို တစ်ချက် ငုံ့ကြည့်ရင်း ဆိုလာသည့် စကားသံမှာ ခုပဲ လူသွားရိုက်တော့မည့် အရိပ်အယောင် သမ်း၏။
" နည်းနည်းပဲ ထိသွားတာပါ။ ဘာမှ မဖြစ်ဘူး။ ငါ အဆင်ပြေတယ် "
" မင်း ပြေလည်း ငါ မပြေဘူး "
ခံရသူက နားပြန်ချသည့် အဖြစ်ပါလေ။ ကဲသည်းနေသည့် ချင်းကို ကြည့်ရင်း ခန့် မြင်ပြင်းကပ်မိ၏။ စိတ်ထဲမှာလည်း အလို မကျချင်။ ချင်းမှာ ဒီလောက်ထိ ဂရုစိုက်ပြီး တန်ဖိုးထားရမည့်သူ ရှိနေလိမ့်မည်ဟု ခန့် ထင်မထားခဲ့ပေ။ ထို့ကြောင့် ပို၍ စိတ်တိုင်းမကျ ဖြစ်ရသည်။
" ဟိန်းက စက်ဘီးနဲ့ ငြိမိတာ ရံရေ။ ဟိုဘက်က အရှိန် မထိန်းလိုက်နိုင်တော့ သူ အထိနာသွားတာ။ အဖြစ်က ဒါပဲ "
ဖုန်းဆက်ခေါ်သည့် သုတဇော်က ဆေးရုံခန်းထဲ ဝင်လာရင်း ရှင်းပြသည်။ ကုတင်ပေါ် ငုတ်တုတ် ထိုင်လျက် ဟိန်းက ခေါင်းတညိတ်ညိတ် ထောက်ခံနေသည်။ ခန့်ကတော့ ဘာမဟုတ်သည့် အနာကို အကြီးကြီး လုပ်နေသည်ဟုပဲ မြင်သည်။ ထို့ကြောင့် ဘာမှ ဝင်မပြောဘဲ ခပ်ဝေးဝေးမှာပဲ နေသည်။ ထိုအချိန်မှာပဲ ခန့်တို့ ရှိရာဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာနေသူ။ လက်ထဲမှာ ဆေးစာရွက်နဲ့ ဆေးအိတ်ကို ကိုင်ထားသည်။ ခန့် အံ့သြသွားရ၏။
" ထက်မြက် ! "
" မင်းက ဒီကို ဘယ်လိုလုပ်ပြီး "
" ဟိုမှာ လာပြီ။ ပြန်လို့ ရပြီ ထင်တယ် "
ထက်မြက်ကလည်း ခန့်ကို တွေ့သွားကာ နားမလည်နိုင် ဖြစ်နေစဉ် အထဲမှ ဟိန်းရဲ့ အသံက လွင့်ပျံလာ၏။ သေချာသည်။ ခန့် သိလိုက်ပြီ။ ဒီမတော်တဆမှုရဲ့ တရားခံက စက်ဘီးတစ်စီးနဲ့ လမ်းများတတ်သည့် ထက်မြက်ပဲ ဖြစ်မည်။
" ငါ ပြောပြီးသားနော်။ ဒီကိစ္စက ဘာမှ လျှော်ပေးစရာ မရှိဘူး "
ဆေးရုံက အပြန် သုတဇော်က သွားစရာ ရှိ၍ ခွဲထွက်သွားသည်။ ဟိန်းကို အိမ်ပြန်လိုက်ပို့သည့် လမ်းမှာ ချင်းက သူ့သဘောထားကို ယတိပြတ် ကြေညာသည်။ ကားမောင်းနေသည့် ချင်းရဲ့ ဘေးမှာ ထိုင်ရင်း ခန့်ရဲ့ အကြည့်က နောက်ခန်းက ဟိန်းဆီ မကြာခဏ ဝေ့သည်။ ထက်မြက်ကို အလွတ်ပေးဖို့ အစီအစဉ် မရှိသည့် ချင်းကြောင့် အပြန်လမ်းမှာ ကားတစ်စီး၊ လူလေးယောက် ဖြစ်သွားသည်။
