အခန်း (၈)
" ဘာတွေ တွေးနေလဲ ရံ။ ဒီနေ့တစ်နေ့လုံး အိမ်မှာပဲဆို .. ငြိမ်လှချည်လား "
" စိတ်ဝင်စားစရာ အရုပ်ကလေး တွေ့ထားလို့ ကစားကြည့်နေတာ .. ဒါပေမဲ့ အခု ပျင်းလာသလို ခံစားရလို့ .."
ခုံပေါ် တင်ထားသည့် သံပတ်ရုပ်လေးကို လက်ညှိုးနဲ့ တို့ထိရင်း ရံက ပျင်းရိပျင်းတွဲ ဆိုသည်။ ဂီတတီးလုံးသံနှင့်အတူ စတိတ် စင်မြင့်ထက်မှာ ဖြည်းလေးစွာ လည်နေသည့် ဘိုမရုပ်လေးက ရံ ဆော့ကစားလေ့ ရှိတတ်သည့် အရာတော့ မဟုတ်ပေ။
ရံနဲ့ မျက်နှာချင်းဆိုင်က ခုံမှာ ဝင်ထိုင်ရင်း ခပ်လှမ်းလှမ်းကို တစ်ချက် ငေးဖြစ်သည်။ အနက်ရောင် တီရှပ်လက်တိုနဲ့ ဘောင်းဘီတိုက ဖြူဖွေးကြည်လင်သည့် အသားအရည်ကို ပို၍ လင်းစေသည်။
" ရံက ငြီးငွေ့နေပြီဆိုပါတော့ "
" ဟင့်အင်း "
စတိတ်စင် အစွန်ဖျားပေါ် လက်ညှိုးလေး ခပ်ဖွဖွ တင်ထားရင်း ရံက ငြင်းသည်။ ခေတ်သစ် အနည်းငယ် အံ့သြရ၏။ ဘယ်သူနဲ့မှ မမြဲလိုသည့် ရံက အပျင်းပြေ ကစားစရာ အရုပ်ကလေးကို လွှတ်ချဖို့ တုံ့ဆိုင်းနေပုံပင်။ ထိုကဲ့သို့ ဖြစ်စဉ်က ခေတ်သစ် တစ်သက် ရံ့ဆီမှာ မရှိခဲ့တာ သေချာသည်။
" ရံ သူ့ကို စိတ်ဝင်စားနေပြီလား "
" ဟင့်အင်း "
ဒီတစ်ခါလည်း ရံက ငြင်းဆန်သည်။ အရုပ်မှာ ကပ်ငြိနေသည့် မျက်ဝန်းအစုံကို ခေတ်သစ်ဆီ ရွေ့ပြောင်းလာရင်း အကြည့်ချင်း ဗဟိုချက် ဆုံစေသည်။ ခန့်မှန်းရခက်သည့် ရံ့ကို ခေတ်သစ် မတွက်ဆတတ်ပါ။
" ဒါဖြင့် ဘာလို့ သူ့အနားမှာ ဝဲနေရလဲ "
" ဒုက္ခပေးချင်လို့ "
ခေတ်သစ်ရဲ့ မေးခွန်းကို ရံက ချက်ချင်းမဖြေ။ မတ်တပ် ထရပ်ပြီးမှ တိုးဖျစွာ ဆို၏။ ပြီးနောက် တစ်လှမ်းချင်း ဝေးလွင့်သွားလေသည်။ ကျောပြင်ငယ်ကို ကြည့်ရင်း အတွေးများကာ ကျန်ရစ်ခဲ့သူက ခေတ်သစ်ပင် ဖြစ်ချေ၏။
ရံ့ရဲ့ ဆိုလိုရင်း အမှန်ကို ခေတ်သစ် ခန့်မှန်း မတတ်တော့ပေ။ ရံက နားလည်ရခက်သည်။ ခံစားချက်မှာ လျို့ဝှက် သိပ်သည်းလွန်းသည်။ မျက်ဝန်းတွေကလည်း ပဟေဠိဆန်သည်။ ထိုကဲ့သို့ ရံမို့ ခေတ်သစ်မှာ အစစအရာရာ သတိထား ဆက်ဆံဖြစ်သည်။
