အခန်း (၄၀)
" ရံ့ကို ခုလို ဖြစ်စေတာ ကိုကို့ အမှားတွေပါ။ ကိုကိုသာ ရှိန်းကို စိတ်ပိုင်းဖြတ်နိုင်ခဲ့ရင် ရံလည်း ထိတ်လန့်စရာတွေ ကြုံရမှာ မဟုတ်ဘူး "
" ဒါပဲလား "
" ဟမ် ! "
" ကိုကို့အမှားက ဒီလောက်ပဲလို့ ထင်တာလား "
ခြံထဲမှာ ကိုကိုနဲ့ နှစ်ယောက်တည်း ထိုင်ဖြစ်သည်။
တိတ်ဆိတ်ငြိမ်သက်ပြီး သဘာဝလေကိုပါ ရှူရှိုက်ခွင့် ရသည့်နေရာမို့ စိတ်အေး သက်သာရာ ရသည်။ ဖျော်ထားသည့် ကော်ဖီပူပူ တစ်ခွက်ကို လက်ဖျားနှင့်တောင် မထိတွေ့ရသေးသည့် ကိုကိုကတော့ ပူပန်စရာတွေ များနေပုံ ရသည်။အတန်ကြာ တိတ်ဆိတ်နေရာမှ ကိုကို့ဘက်က စလာသည့် စကားကို ရံ မတုံ့မဆိုင်း မေးခွန်း ထုတ်လိုက်သည်။ အံ့သြသွားသည့် ကိုကို့ မျက်ဝန်းတစ်စုံမှာ နားမလည်မှု အရိပ်တချို့ ယှက်ပြေးလျက်။
" ရံ့ကို မယုံကြည်ခဲ့တာကရော ကိုကို့ အမှား မဟုတ်ဘူးလား "
ရံ မတ်တပ်ထရပ်လိုက်သည်။ ခြံထဲရှိ ရေကူးကန်ထဲက ငြိမ်သက်နေသည့် ရေပြင်ကို ငေးရှု ကြည့်မိ၏။
" ကိုကို့ကို မိသားစုဝင် မဟုတ်ဘူးလို့ ရံ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ကိုကို့အပေါ် ရံ ဆိုးခဲ့တာတွေ၊ ရံ အနိုင်ယူခဲ့မိတာတွေက ရံ့ရဲ့ အစ်ကို ဖြစ်နေလို့လေ။ ရံ ဘယ်လောက်ဆိုးဆိုး ကိုကိုကတော့ ရံ့ဘက်မှာ ရှိနေပေးမယ်လို့ ယုံကြည်ခဲ့တာ။ ရံ့ရဲ့ မသိတတ်မှုတွေကို ကိုကို တေးမှတ်ထားမယ်မှ မထင်ခဲ့ဘဲ။ မိသားစုဆိုတာ အပြန်အလှန် သည်းခံဖေးမရင်း တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ပေးရတာ မဟုတ်လား။ ဒါပေမဲ့ ကိုကိုကရော .. ကိုကို့ စိတ်ထဲမှာ ဘာတွေ ရှိနေခဲ့လဲ။ ဒီအချိန်ထိ ကိုကို ဘာတွေ တွေးနေခဲ့လဲ။ ကိုကိုက သားအရင်း မဟုတ်ဘူးဆိုတဲ့ ဖြစ်စဉ်တစ်ခုကိုပဲ လက်စွဲ ကိုင်ခဲ့တာ မဟုတ်လား "
" ကိုကို အတွေးတိမ်ခဲ့တာ ဝန်ခံတယ်။ ဒါပေမဲ့ ရံ ထင်နေသလို ကိုကို ဒီမိသားစုအပေါ် သူစိမ်းဆန်တဲ့ စိတ်မျိုး တစ်ခါမှ မထားခဲ့ဘူး ရံ။ ရံ့ ကို နားလည်ဖို့ မကြိုးစားဘဲ ရံ့ရဲ့ လုပ်ရပ်တွေကို စိတ်ရှုပ်ခဲ့တာ။ ကိုယ့်အပေါ် ထားတဲ့ ဒယ်ဒီ့ရဲ့ မျှော်လင့်ချက်နဲ့ ရံ့ကို စိုးရိမ်ပူပန်နေတတ်တဲ့ ဒယ်ဒီ့ရဲ့ စိတ် .. ဒီနှစ်ခုကို ကိုယ် သေချာ မခွဲခြားတတ်ခဲ့တာ။ ဒယ်ဒီ့အပေါ် အမြင် စောင်းခဲ့တာ .. ဒါတွေ အားလုံးက ကိုယ့်ရဲ့ အမှားတွေပါပဲ။ ဒီလိုတွေ ဖြစ်လာရတာလည်း ကိုယ့်ရဲ့ သိမ်ငယ်စိတ်ကြောင့် .. "