အခန်း (၂၅)
" ငါ့ကို ထပ်မရှုပ်နဲ့တော့ ရှိန်း "
" တို့ အခု ဘယ်သူနဲ့ အတူ ရှိနေလဲ မသိချင်ဘူးလား "
တစ်ဖက်က ရှိန်းရဲ့ အသံက ခေတ်ကို အာရုံ ထွေပြားစေသည်။ မကြာခဏ စိတ်ရှုပ်အောင် လုပ်တတ်သည့် ရှိန်းက ခုနောက်ပိုင်း ပိုဆိုးလာသလို ခေတ်ကို ရန်စောင်ဖို့ နည်းမျိုးစုံ ကြိုးစားနေသည်။
" တို့က ခေတ်ကို ကူညီပေးမလို့ပါ။ ခေတ် ဘယ်တော့မှ မရခဲ့တဲ့ နေရာလေ။ အဲ့နေရာကို ခေတ်အတွက် တို့ ဖန်တီးပေးမယ်။ ဦးရန်နိုင်စိုးမှာ ရံသာ မရှိတော့ရင် "
" တော်စမ်း ရှိန်း။ အရူး ထမနေနဲ့။ အဓိပ္ပါယ် မရှိတာတွေ လျှောက်လုပ်ဖို့ မစဉ်းစားနဲ့ "
ခေတ် ဒေါသထွက်ကာ ထိုင်နေရာမှ မတ်တပ် ထရပ်လိုက်သည်။ ရှိန်းရဲ့ စကားနာထိုးမှုက အလုပ် ဖြစ်သည်။ ခေတ်မှာ လှုပ်ရှားသွားသည့် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်နေရသည်။ ယောက်ျားတစ်ယောက်ရဲ့ မာနကို ထိပါးပြီး ခံပြင်းအောင် လုပ်ဖို့ ရှိန်းက တတ်ကျွမ်းနေလေပြီ။
" တို့ကို တားမယ့်အစား တို့ ပေးတဲ့ လက်ဆောင်ကို ဝမ်းသာအားရ လက်ခံဖို့ စောင့်နေလိုက်စမ်းပါ။ ရံ့ကို မမြင်ချင်ဆုံး လူက ခေတ်ပဲ မလား။ ခေတ် ရင်ထဲမှာ ရံ့ကို မုန်းတီးတာ၊ ရံ့ကို ပျောက်ကွယ်သွားစေချင်တာ တို့ မသိဘူး ထင်နေလား။ ခုမှ လူကောင်း ဖြစ်ချင်ယောင် ဆောင်မနေစမ်းပါနဲ့။ သူများ ကြားရင် ညီအစ်ကိုရင်းတွေလို့ ထင်နေဦးမယ် "
ကြားလိုက်ရသည့် လှောင်ရယ်သံက ခေတ်ရဲ့ ဒေါသကို ပိုကြွစေသည်။ လက်သီးတစ်ဖက်ကို ကျစ်ကျစ်ဆုပ်ကာ မျက်နှာလွှဲ၊ တောက်တစ်ချက် ခေါက်မိသည်။
" နှုတ်ဆက် လမ်းခွဲ အထိမ်းအမှတ်ပေါ့။ တို့ ပေးမယ့် လက်ဆောင်လှလှလေးကို လက်ခံဖို့ စောင့်နေနော်။ ခေတ်အတွက် ပျော်စရာတွေ ဖန်တီးပေးမှာမို့ ခုချိန်ကစပြီး ရံ့ရဲ့ တည်ရှိမှုကို ခေတ် စိတ်မပူလည်း ရပြီ "
" ဟေ့ကောင် ရှိန်း! ရပ်လိုက်စမ်း ! ရံသာ တစ်ခုခု ဖြစ်ရင် မင်းကို ငါ .. "
ရင်ပူစွာ အော်ဟစ်နေပေမဲ့ ရှိန်းက ဖုန်းချသွားသည်။ နောက်ဆုံး ကြားလိုက်ရသည့် အေးစက်စက် ရယ်သံက ခေတ်ကို ခြောက်ခြား တုန်လှုပ်စေသည်။
