အခန်း (၉)
" မင်းတို့ကို လွှတ်လိုက်တဲ့ ငဒူကောင်ကို ပြောလိုက်။ ချင်းကို ဒါမျိုး လာချိုးလို့ မရဘူးဆိုတာ "
ယပ်တစ်ချောင်းနဲ့ ခေါင်းကို ခေါက်ရင်း မာဆတ် ပြတ်ရှစွာ မိန့်လေသည်။ လူငယ် သုံးယောက်မှာ မျက်လုံးများ စုံမှိတ်ကာ ခေါင်းငုံ့ချထားလျက်။
" ကြားလား။ ငါ ပြောနေတာ ပြန်ဖြေလေ "
" ဟုတ်။ ဟုတ်ကဲ့ပါ "
လူညစ်လေး ချင်းက လက်ထဲမှာ Spray တစ်ဘူးကို ကိုင်ကာ ကျန်လက်တစ်ဖက်မှာ ခေါက်ယပ်တောင် တစ်ချောင်းကို ဆောင်ထားသည်။ သူ့မျက်နှာကို လက်သီး ရွယ်လာလျှင် Spray နဲ့ ဖြန်းကာ ကျန်လက်တစ်ဖက်ကလည်း ယပ်တစ်ချောင်းနဲ့ တဒေါက်ဒေါက် မြည်အောင် ခေါက်လေသည်။
လူမိုက်သက်တမ်း နုငယ်သေးသည့် သုံးယောက်မှာ ချင်းလက်ချက်ဖြင့် မြေမှာ ခွေနေရရှာသည်။ထိုနည်းဖြင့် အနိုင်ယူဖို့ ဘယ်သူကများ သင်ပြပေးခဲ့လဲ မသိပေမဲ့ ရယ်ချင်စရာတော့ နည်းနည်း ကောင်းသည်။ ရန်ပွဲပြင်ပမှ ထိုင်ကြည့်သူအဖို့ အစ်ကိုကြီးက မလိမ္မာသည့် ညီငယ်လေးတွေကို ဆုံးမနေခြင်းနှင့်ပင် ပို၍ တူနေသည်။ ဆိုးဆိုးသွမ်းသွမ်း အစ်ကိုကြီးက ခန့် သိခဲ့သည့် ချင်းရဲ့ ပုံစံနဲ့တော့ ဆန့်ကျင်ဘက်ပင် ဖြစ်၏။
ခုလည်း ချင်းရဲ့ မလှမ်းမကမ်းမှာ ရပ်နေသည့် ခန့်တည်စေကို သတိထားမိပုံ မပေါ်။ ဘောင်းဘီ အိတ်ကပ်ထဲက ဖုန်းကို ထုတ်ယူကာ အရှုံးကြီး ရှုံးသွားသည့် သုံးယောက်ကို နေရာက ထွက်သွားဖို့ အချက်ပြနေသည်။ Spray ဘူးကို လက်က ကိုင်လျက် ခေါက်ယပ်တောင်ကို ခါးကြားထဲ ထိုးထည့်ထားသည်။ ဓားမဆောင်ဘဲ ယပ်တစ်ချောင်း ဆောင်ထားသည့် ချင်းက အသည်းယားစရာပါလေ။
ခန့်တည်စေကို ကျောပေးထားဆဲ ချင်းက ခုထိ မမြင်သေးပေ။ ချင်း ဘာဆက်လုပ်မလဲ သိချင်စိတ်ကြောင့် ခန့်ကလည်း အသံမပေးဖြစ်ဘဲ တိတ်ဆိတ်နေမိသည်။ နှစ်ရက်တိတိ ပျောက်သွား၍ စိုးရိမ်ပူပန်နေသူအား ပြန်လည် မိတ်ဆက်ပေးသည့် မြင်ကွင်းက မယုံနိုင်ဖွယ် ကောင်းလောက်အောင် ပြောင်းလဲနေသည်။
