အခန်း (၁၈)
" ခန့် ငါ ရောက်ပြီ "
ရောက်ရောက်ချင်း အမောမဖြေနိုင်။ ဟောဟဲဆိုက်နေတဲ့ လေသံနှင့် ရောက်ရှိကြောင်း အသိပေးဖြစ်၏။ ခပ်တည်တည်လေး ထိုင်နေသည့် ခန့်က ရေတစ်ခွက်နှင့် ချင်းကို စောင့်နေသည်။ ခန့်ဘေးမှာ ချင်း မတ်တပ် ရပ်လိုက်၏။
“ထိုင်”
တစ်ခွန်းသံ ယှက်ဟန်မှာ အာဏာစက်ကွင်း ပြင်းသယောင် ထင်ရစေ၏။ တည်တည်ခန့်ခန့် ကိုယ်တော်ချောလေး အလိုကျ မျက်နှာချင်းဆိုင် ခုံမှာ ဝင်ထိုင်လိုက်၏။ ခန့် အဆင်သင့် ပြင်ပေးထားသည့် ရေကို တစ်ငုံ မော့သောက်ဖြစ်သည်။ ဖန်ခွက်ကို ပြန်ချချိန်မှာပဲ ငြိမ်ငြိမ်ဆိတ်ဆိတ် စိုက်ကြည့်နေသည့် ခန့်နဲ့ မျက်ဝန်းချင်း ဆုံမိသွား၏။ စိတ်မှာလည်း ထင့်ခနဲ။ ရွေဝန်းရံချင်းတို့ ကြယ်ငါးဆီမှာ တစ်ပတ်ရိုက်တာ ခံရပြီထင်။
" ပြောတော့လေ ခန့်။ ငါ ကြားချင်လှပြီ"
အရှက်မရှိ ပြီတီတီ ရုပ်နှင့် လမ်းကြောင်း ဖွင့်ရတော့၏။ အဖြေပေးမည့် ခန့်ကို ကြည့်တာနဲ့ ကြိုတင် ခန့်မှန်းလို့ ရသည်။ သေချာပြီ။ ဒီငနာကောင် ခန့်တည်စေ ချင်းကို မလိမ့်တပတ် လုပ်လိုက်တာပင်။
" ယောက်ျားဆို ကိုယ့်စကား ကိုယ် တာဝန်ယူနော်။ မဟုတ်လို့ကတော့ ခန့်သွားတဲ့ နေရာတိုင်းမှာ ငါ ပြဿနာ လိုက်ရှာမှာ။ မချစ်ဘူးလို့ ပြောရဲ ပြောကြည့် "
" မင်းကိုလည်း ယောက်ျားချင်းမို့ သတိပေးလိုက်မယ်။ ငါ့ကို လာပြီး စိန်မခေါ်နဲ့။ မင်း ဘာကောင်ဖြစ်နေနေ ငါ ဂရုမစိုက်ဘူး "
ဖန်ခွက်ကို ကိုင်ပြီး အမှန်အကန် ခြိမ်းခြောက်ပစ်သည်။ ခန့်ကလည်း ငြိမ်မခံပါ။ မတုံ့မဆိုင်း ပြန်ပက်သည်။ အချေအတင် အခြေအနေမှာ ခန့်ကို ရှုံးနိမ့်သွားသလို ခံစားချက်က ချင်း စိတ်ထဲ အဆင်မချောစွာ ဝင်ရောက်လာသည်။
ခန့် စကားတစ်ခွန်းမှာ စိတ်လောပြီး သုံးမိနစ်အတွင်း ရောက်ဖို့ ပြေးတက်ခဲ့ရတာမို့ မောရကျိုးသာ မနပ်ရင် ဒီနေရာမှာပဲ ခန့်ကို ရိုက်ခွဲပစ်မိလိမ့်မည်။ ချင်းရဲ့ သည်းခံနိုင်မှု အတိုင်းအတာက အကန့်အသတ် နည်းသည်။ ထို့ကြောင့် ခန့် ပေးမည့် အဖြေက ချင်း လိုချင်သည့် အရာသာ မဟုတ်လျှင် အနေအထားက နှစ်ယောက်စလုံးအတွက် အရေးလှမည် မဟုတ်။ မိုက်ကြေးခွဲဖို့အတွက် ဘာကောင်မှ ဖြစ်နေစရာမှ မလိုဘဲ။ ကိုယ် ပြုသမျှ လုပ်ရပ်ရဲ့ အကျိုးဆက်ကို လက်ခံနိုင်တဲ့ သတ္တိရှိနေရင် ဖြစ်တာပဲ။
