အခန်း (၁၉)
" ဒါ ဘာလုပ်တာလဲ။ ငါတို့ ပိုက်ဆံ အကုန် လိုချင်တယ် ရှိန်း "
ရံ့ဆီက ရသမျှ ပေးပေမဲ့ ကြွေးကျန်က များနေဆဲ ဖြစ်သည်။ တစ်ဖက်က အခြေအနေကလည်း တင်းမာလေပြီ။ ရှိန်း လက်သီးကိုသာ ကျစ်ကျစ် ဆုပ်ထားမိ၏။
" မင်း ငါတို့ကို လာကစားနေတာလား! "
ဆိတ်ဆိတ်နေမိသော ရှိန်းရဲ့ မေးရိုးကို မညှာမတာ ဆွဲကိုင်ရင်း မေးလာသည့် သူ။ ကျန်နေသည့် ငွေကို ပေးဖို့အတွက် ရှိန်း ခေါင်းထဲ အစီအစဉ် အမြန် ဆွဲရလေပြီ။ ရက်ချိန်းကို အများကြီး ခွာမရနိုင်တာ သိသည်။ ခက်ထန် ကြမ်းတမ်းသည့် နယ်ပယ်ထဲ ဝင်ရောက်မိတာ ရှိန်းရဲ့ အမှားပင်။
" ငါလည်း အလိမ်ခံရတာပဲ။ အဲ့ကောင် ငါ့ဆီက ဆေးယူပြီး ပိုက်ဆံမပေးဘဲ ထွက်ပြေးသွားတာ။ ငါလည်း အလိမ်ခံလိုက်ရတာလို့ "
" မင်း ညံ့လို့ မင်း ခံရတာ။ ငါတို့ အလုပ် မဟုတ်ဘူး ရှိန်း။ ငါ မင်းကို သုံးရက် အချိန် ပေးမယ်။ ကျန်တဲ့ ပိုက်ဆံကို တစ်ခါတည်း ပေးဖို့ ပြင်ထား "
" ခဏ .. ခဏလေး နေပါဦး "
အိမ်ထဲက ထွက်သွားတော့မည့်သူ၏ လက်ကို ဖမ်းဆွဲကာ ဟန့်တားလိုက်သည်။ ထိုသူက ရှိန်းကို လှည့်ကြည့်ကာ စိုက်ကြည့်လာ၏။
" ငါ .. ငါ့ဆီမှာ မင်းတို့ သူဌေး စိတ်ဝင်စားမယ့်အရာ ရှိတယ်။ အဲဒါနဲ့ အပေးအယူ လုပ်လို့ ရမလား "
မျက်စိစုံမှိတ်ကာ ရှိန်း ရှေ့ဆက်တိုးလိုက်သည်။ ယုတ်မာသည်ပဲပြောပြော၊ လူမဆန်သူဟုပဲဆိုဆို အရေးကြီးတာက အသက်ဘေးက လွတ်မြောက်ဖို့ပင်။ ဒီလောက် များသည့် ငွေပမာဏကို သုံးရက်အတွင်း ပေးနိုင်ဖို့က မဖြစ်နိုင်။
" မင်းတို့ သူဌေးကို ပြလိုက်။ သူ စိတ်ဝင်စားရင် အပေးအယူ လုပ်မယ်လို့ "
ရှိန်း ဖုန်းထဲက ပုံကို ထိုသူ့ဖုန်းထဲ ပို့လိုက်သည်။ ထိုသူက ရှိန်းရဲ့ လုပ်ရပ်ကို မယုံကြည်နိုင်စွာ ကြည့်နေဆဲ။ ထို့နောက် ရှိန်း ပို့လိုက်သည့် ပုံကို ကြည့်ကာ တစ်ချက် ပြုံး၏။
" မင်းက ဉာဏ်ကောင်းတာပဲ "
ဆေးအရောင်းအဝယ် လောကရဲ့ နာမည်ကျော် ဂိုဏ်းတစ်ခုဖြစ်သည့် Black Knife သူဌေးက ကျား၊မ မရွေး စားသုံးတတ်ကြောင်း ရှိန်း ကောလဟလ ကြားဖူးသည်။ ထို့ကြောင့် ကြံရာမရသည့်အဆုံး Black Knife သူဌေး အကြိုက်ကို အသုံးချလိုက်ခြင်းပင်။ ဒီနည်းက ရှိန်းအတွက်ရော ခေတ်အတွက်ပါ အကျိုး ရှိလိမ့်မည်။
