( Unicode )
မြူမှိုင်း၏ သွေးကြောအလုံးစုံတို့သည် ထိုနေရာမှာတင် ရပ်တန့်သွားပြီဟုထင်မိသည်။ မကေသွယ်၏ အာကျယ်ကျယ်စကားများကလည်း ဝေးသွားလိုက်နီးသွားလိုက်ဖြင့် သေချာမကြားရတော့ဘဲရှိသည်။ မျက်မှန်တပ်မထားဘဲတောင် ၊ မြင်ကွင်းတွေက ခပ်ဝါးဝါးဖြစ်နေခဲ့ရင်တောင် ထိုသူဟာ မြူမှိုင်း၏ အသည်းသက်ညှာဆိုတာကို သိသည်။ ခံစားလို့ရသည်။ ထိုသူ၏ ပတ်ဝန်းကျင်တွင် မမြင်နိုင်သော ဂန္ဓမာနံ့တွေသင်းနေတတ်သည်မဟုတ်လား။ ထိုသူသည် မြူမှိုင်းကို မြင်သွားဟန်တူကာ လှပသည့် မျက်ဝန်းဝိုင်းတို့က မျက်မှန်ကိုင်းပါးလေးအောက်ကနေ အလန့်တကြားဖြစ်သွားတာကိုမြင်ရပါသည်။
နည်းနည်းလေးမှမပြောင်းလဲခဲ့သော ထိုသူသည် မြူမှိုင်းချစ်ရသည့် ဆံပင်အုပ်အုပ်တွေကိုလည်း မပြောင်းမလဲ ဆက်ထားထားသည်။ ထိုသူဝတ်ထားသော မျက်မှန်လေးသည် မြူမှိုင်း ပထမဆုံးစာအုပ်ရောင်းထားသည့် အနုပညာကြေးနှင့် ဝယ်ပေးခဲ့သော မျက်မှန်ကိုင်းလေးဖြစ်သည်။ အရာရာက မပြောင်းလဲခဲ့သော ထိုသူ။ ပြောင်းလဲသွားတာဆိုလို့ အင်း ပြောင်းလဲသွားတာဆိုလို့ မမူယာကြွယ်ချိတ်တွယ်လာတဲ့ လက်တွေကို အရင်လိုမျိုး မပုတ်ထုတ်ဘဲ ငြိမ်ခံနေခြင်းပါပင်။
" မိတ်ဆက်ပေးရဦးမယ်။ ဒါက မူယာကြွယ် ၊ ဟိုက သူ့အမျိုးသား ချမ်းမြေ့ဦးဝေ ၊ အနောက်ကတော့ ထက်ပိုင်ကျော် တဲ့။ မူယာကလွဲလို့ အကုန်အလုပ်အတူတူလုပ်ကြတဲ့ ဆရာဝန်တွေပဲ။ ကဲ ဒါက ငါတို့ခရီးစဉ်အတွက် ဂိုက်လုပ်ပေးမယ့် မောင်လေးတွေ။ ဒါက မိုးဦးရုံတဲ့။ ဒါက မြူမှိုင်းမောင် "
အိပ်မက်ကလန့်နိုးသူပမာ လက်တွေ့ဘဝထဲ ပြန်ရောက်လာသလို မြူမှိုင်းသည် ကိုကို့ဆီမှ အကြည့်တို့ကိုလွှဲဖယ်ပြီး လူစေ့ကို လိုက်ပြုံးပြကာ နှုတ်ဆက်လိုက်သည်။
" ဟုတ်ကဲ့ မြူမှိုင်းမောင်ပါ။ တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ "
ကိုကို့ဆီ အကြည့်တို့ထပ်ရောက်မိတော့ ကိုကိုက မြူမှိုင်းကိုသာ မျက်တောင်မခတ်တမ်းကြည့်နေခဲ့သည်။ ထိုအရာကိုသိသည်နှင့် မြူမှိုင်းက ချက်ချင်းပင် အကြည့်မဆုံအောင်လွှဲကာ ဘေးက မိုးဦးကို ကြည့်လိုက်မိသည်။ မိုးဦးကလည်း အကင်းပါးသူပီပီ မြူမှိုင်းကို ဒီအခြေအနေမှ ရုန်းနိုင်ရန်ကူညီပေးသည်။
YOU ARE READING
မှန်လေးတစ်ချပ် ခြားထားသလို
General Fictionနှစ်ရှည်ကြာစွာ ဆက်၍ရေးချင်မိတဲ့ ပန်းချီကားငယ်... အဆုံးမသတ်ချင်မိတဲ့ ဒိုင်ယာရီတစ်ပုဒ်... ဖြတ်မျဉ်းနှစ်ကြောင်းရဲ့ အညိုရောင်မျှော်လင့်ချက်လေး... နောက်ပြီး အမျိုးသားနှစ်ဦးကြားက ကာဆီးထားတဲ့ မှန်လေးတစ်ချပ်... ဒီလိုနဲ့ပဲ နီးနေရင်းကနေ ဆွေး... - Yoon Yeik -