( Unicode )
အတိတ်ကာလများဆီက
ချမ်းမြေ့ဦးဝေ
" ကျွန်တော် အိမ်ခွဲနေချင်တယ် မေမေ "
ကျွန်တော့်စကားဆုံးသည်နှင့် မေမေ့မျက်ဝန်းများဟာ စူးခနဲရောက်လာသည်။ ဘေးနားတွင်ထိုင်နေသည့် မှိုင်းငယ်ကလည်း ကျွန်တော့်ကိုအံ့ဩသလိုလိုကြည့်သည်။ ဤဆုံးဖြတ်ချက်ကို ကျွန်တော်ပြင်ဖို့ရာစိတ်ကူးမရှိသလို ၊ မှိုင်းငယ်ကိုထပ်ပြီးတော့ ဒီအိမ်မှာ မထားချင်တော့ပေ။ ဟိုတစ်နေ့က မှိုင်းငယ် အဖျားကြီးပုံများ တကယ်ကိုဒုက္ခရောက်တော့မလို့မဟုတ်လား။ အမြဲတမ်းပြုံးနေတတ်တဲ့ ကျွန်တော့်ကောင်လေးငယ်ကို ဒီလိုဒဏ်တွေလည်းမခံစားခိုင်းစေချင်တော့။ ဘယ်လောက်ပဲ ကျွန်တော်က ပျော့ညံ့မိတယ်ဆိုဆို ကိုယ်ချစ်ရတဲ့သူ ဒုက္ခရောက်နေရတဲ့ ရပ်ဝန်းမှာ ထပ်မထားခဲ့သင့်ဘူးလို့ထင်မိသည်။
မေမေတို့၏ လုပ်ရပ်များကိုသိလိုက်ရသည့်နေ့က နောက်ကျောကိုဓားနှင့်အထိုးခံရသကဲ့သို့ စိတ်ကနာကျင်ကြေမွရသော်လည်းပဲ ဒီ့ထပ်ပိုပြီး စိတ်တွေဆိုးကာ အော်ဟစ်ပြောဆိုမနေချင်တော့ပေ။ ဒီလိုတွေဖြစ်မှာစိုးလို့ မှိုင်းငယ်က သူကိုယ်တိုင်မြိုသိပ်ပြီးသည်းခံထားခဲ့တာမဟုတ်လား။ ဒီတော့ မှိုင်းငယ်ဖြစ်စေချင်တဲ့အတိုင်း ကျွန်တော်ပြဿနာတွေမဖန်တီးချင်တော့ပါ။ ဒီလောက်လေးနဲ့ပဲ ၊ ဒီလောက်နဲ့သာပဲ ဘာကိုမှမသိသလိုဟန်ဆောင်ရင်း အိမ်ခွဲနေလိုက်တော့မည်။
" ဘာဖြစ်လို့လဲသားရဲ့။ ဒီမှာ ဘာအဆင်မပြေလို့လဲ "
မေမေက ပျက်သွားသည့် သူမ မျက်နှာကို ချက်ချင်းပြင်၍ အပြုံးတစ်ခုနှင့်မေးလာသည်။ ပြီးနောက် သူမ မျက်ဝန်းများက ကျွန်တော့်ဘေးက မှိုင်းငယ်ဆီရောက်သွားသည်။ မှိုင်းငယ်က အိမ်ခွဲချင်တယ်ပြောသဖြင့် ကျွန်တော့်ဆီက ယခုလိုစကားမျိုးထွက်လာသည်ဟု ထင်နေခဲ့ပုံရသည်။
" ကျွန်တော် ဆေးရုံပြောင်းရမှာမို့လို့ပါ။ အလုပ်နေရာသစ်က ကျွန်တော့်ကွန်ဒိုနဲ့ဆို နီးလို့လေ။ အဲ့ဒါ အဲ့ကိုပဲပြောင်းလိုက်ချင်တယ်။ မေမေလည်း ကျန်းမာရေးကောင်းပြီဆိုတော့ ကျွန်တော်လည်း အလုပ်ကိုသေချာဖိစီးပြီးလုပ်ရမှာမို့လို့ပါ။ နောက်ပြီး မှိုင်းငယ်ကလည်း ထုတ်ဝေသူတွေနဲ့ စာအုပ်ထုတ်ဖို့ရှိပေမယ့် ဟိုနေ့က ပျက်သွားတယ်ပြောတယ်။ သူအလုပ်လုပ်ဖို့လည်း ဆိတ်ငြိမ်တဲ့နေရာလေးလိုအပ်လို့ပါ "
YOU ARE READING
မှန်လေးတစ်ချပ် ခြားထားသလို
Ficção Geralနှစ်ရှည်ကြာစွာ ဆက်၍ရေးချင်မိတဲ့ ပန်းချီကားငယ်... အဆုံးမသတ်ချင်မိတဲ့ ဒိုင်ယာရီတစ်ပုဒ်... ဖြတ်မျဉ်းနှစ်ကြောင်းရဲ့ အညိုရောင်မျှော်လင့်ချက်လေး... နောက်ပြီး အမျိုးသားနှစ်ဦးကြားက ကာဆီးထားတဲ့ မှန်လေးတစ်ချပ်... ဒီလိုနဲ့ပဲ နီးနေရင်းကနေ ဆွေး... - Yoon Yeik -
