( Unicode )
မြူမှိုင်းတို့သည် စေတီမှ အောက်မြောက်ဘက်ကိုဆင်းသွားသည့်အခါ သဲကျောက်များကိုထွင်းထားသည့် ဥမင်များ ၊ ဂူများကိုတွေ့ရသည်။ လိုဏ်ဂူများကို တစ်ခန်းနှင့်တစ်ခန်းဆက်ထားကြကာ ပုဂံခေတ်အခါက ရဟန်းသံဃာများ သီတင်းသုံးတရားအားထုတ်သည့်နေရာဖြစ်မည်ဟုယူဆကြရသည်။ သွားနေရင်းဖြင့် အနည်းငယ်တိတ်ဆိတ်နေတာမို့ မြူမှိုင်းသည် သမိုင်းကြောင်းတစ်ခုအားပြောပြရန်ပြင်လိုက်သည်။
" ပျူစောထီးအကြောင်းကို အားလုံးလည်းသိကြမယ်ဆိုပေမယ့် ကျွန်တော်ထပ်ပြီးပြောပြပေးပါမယ် အဆင်ပြေတယ်မလား "
" ပြေတာပေါ့ အခုပဲမေးတော့မလို့ဟာကို "
မကေသွယ်၏ ထောက်ခံစကားကိုအပြုံးဖြင့်ခံယူလိုက်ပြီး မြူမှိုင်းက အုပ်စုရဲ့အရှေ့နားကနေ ဦးဆောင်၍ သွားလိုက်သည်။ ထိုအချိန်မှာပင် မမူယာကြွယ်၏အသံကိုကြားရသည်။
" ကို မူယာတို့ကို ဓာတ်ပုံလိုက်ရိုက်ပေးပါလား။ ဟိုနားလေးမှာလေ လာ လာ သဇင် နင်လည်းလိုက်မှာမလား "
" လိုက်မှာပေါ့။ အခုထိ ပုံကောင်းတစ်ပုံမှမရသေးဘူး။ ချမ်းမြေ့ရိုက်ပေးမှာဆို စိတ်ချတယ် "
ထိုမျှသာကြားလိုက်ပြီး အသံတွေက ဝေး၍သွားသလို ၊ ကိုကိုသည်လည်း မမူယာကြွယ်၏ဆွဲခေါ်ခြင်းနောက်မှာ မြူမှိုင်းနှင့်ဝေး၍သွားသည်။
" ကဲပါ သူတို့ကိုထားလိုက်ပါ။ သမိုင်းကြောင်းကိုဆက်သွားရအောင် ပြောပါဦး မြူမှိုင်း။ ပျူစောထီးအကြောင်းကို "
ကိုသူရက စကားဆက်တော့ မြူမှိုင်းလည်း ဆက်မကြည့်ဖြစ်တော့ဘဲ စကားသာဆက်ပြောရန်ပြင်လိုက်သည်။
" ပြောရမယ်ဆိုရင် တကောင်းမင်းဆက်ရဲ့ အနွယ်ဝင်ဖြစ်တဲ့ သာကီဝင်မင်းသား သတိုးအာဒိစ္စက တိုင်းပြည်အခြေအနေတွေမငြိမ်သက်လို့ သူ့ဘာသာသူအေးအေးဆေးဆေး တောင်ယာလုပ်ကိုင်ရင်းနေတာပေါ့။ အဲ့ဒီမင်းသားရဲ့ မိဖုရားကနေ သားယောကျာ်းလေးဖွားမြင်တယ်။ သူကတော့ အားလုံးလည်းသိကြတဲ့ စောထီးပါပဲ။ စောထီးကို ရသေ့တစ်ပါးက လေးမြားအတတ်တွေသင်ပေးတာ။ ဒီလိုနဲ့ အရွယ်လေးရောက်တော့ သူ့မိဘတွေထံမှာ ခွင့်ပန်ပြီး ပုဂံပြည်ကို ထွက်လာတဲ့အချိန်မှာ သူ့မိဘတွေက ရတနာတွေနဲ့စီခြယ်ထားတဲ့ လေးတစ်လက်ကို ပေးလိုက်တယ်။ ဒီလိုနဲ့ ပုဂံကိုရောက်တော့ ပျူမျိုးရိုးအဆက်အနွယ်တွေဖြစ်တဲ့ ပျူအိုလင်မယားနှစ်ယောက်ဆီမှာ တည်းခိုနေထိုင်တာပေါ့။ အဲ့လိုနေရင်းနဲ့ ပျူအိုလင်မယားကစောင့်ရှောက်ထားလို့ ပျူစောထီးဆိုပြီးနာမည်တွင်သွားတာပဲ။ အဲ့ဒီ့တုန်းက ပုဂံပြည်ရဲ့ မင်းက သမုဒ္ဒရာဇ်မင်းဗျ။ သမိုင်းအထောက်အထားအရ ပုဂံနိုင်ငံရဲ့ ပထမဆုံးသော မင်းပဲ "

YOU ARE READING
မှန်လေးတစ်ချပ် ခြားထားသလို
Ficción Generalနှစ်ရှည်ကြာစွာ ဆက်၍ရေးချင်မိတဲ့ ပန်းချီကားငယ်... အဆုံးမသတ်ချင်မိတဲ့ ဒိုင်ယာရီတစ်ပုဒ်... ဖြတ်မျဉ်းနှစ်ကြောင်းရဲ့ အညိုရောင်မျှော်လင့်ချက်လေး... နောက်ပြီး အမျိုးသားနှစ်ဦးကြားက ကာဆီးထားတဲ့ မှန်လေးတစ်ချပ်... ဒီလိုနဲ့ပဲ နီးနေရင်းကနေ ဆွေး... - Yoon Yeik -