အခန်း ( ၂၂ ) [ Unicode ]

520 27 0
                                    

(Unicode )

လောကနန္ဒာဘုရားတည်ထားသည့် တောင်ကုန်းနံရံတွင် လှေကားသဖွယ်ထွင်းထုထားသော နေရာလေးတစ်ခုရှိသည်။ ဘုရားကိုမရောက်မီ ဇရပ်တစ်ခုကနေ ထိုနေရာလွတ်ကလေးကို ဆင်းလာလို့ရပြီး ဧရာဝတီသည်ကိုယ့်ညာဘက်တွင်ရှိနေမည်ဖြစ်ကာ လောကနန္ဒာဘုရားသည် ကိုယ့်ဘယ်ဘက်ရှိ လှေကားနံရံကြီး၏ထိပ်တွင်ရှိနေလိမ့်မည်။ တော်ရုံလူက အလုပ်ရှုပ်ခံ၍ ဤနေရာသို့မဆင်းသော်ငြား ဓာတ်ဖမ်းချင်သူခရီးသွားများကတော့ တစ်ယောက်စနှစ်ယောက်စ ရောက်လာတတ်သည်။

ယခုလည်း မှိုင်းမြေ့ထိုင်နေသည့်ရှေ့တွင် ခရီးသွားစုံတွဲတစ်တွဲက ဓာတ်ပုံရိုက်ဖို့အတွက် အလုပ်ရှုပ်နေကြသည်။ နေကဝင်လုနီးမို့ ကောင်းကင်ဟာ အဆမတန်အရောင်တောက်၍လှပနေသည်။ ထိုအရောင်တောက်တောက်များက ဧရာဝတီ၏မျက်နှာပြင်ပေါ်တွင်အရိပ်ထင်နေလျက် သက်ရှိပန်းချီကားတစ်ချပ်သဖွယ် မှိုင်းမြေ့၏စိတ်ကိုအလုံးစုံဆွဲယူထားသည်။ သို့သော် မကြာခင်ကမှ သိခဲ့ရသောအကြောင်းအရာများကြောင့် ဝမ်းနည်းစိတ်က ရင်တွင်တင်းကြပ်နေကာ ငိုချဖို့ပင်မျက်ရည်ကထွက်မလာ။ အရာရာဟာရုတ်ချည်းပျောက်ဆုံးသွားသလိုမျိုး ဟာလာဟင်းလင်းဖြစ်လှသည်။

" ဒီကိုရောက်နေမယ်ဆိုတာ အစ်ကိုသိသားပဲ "

ရင်းနှီးနေသည့်အသံတစ်သံဟာ မှိုင်းမြေ့အနားရောက်လာခဲ့ပြီး ထိုအသံပိုင်ရှင်က မှိုင်းမြေ့ထိုင်နေသည့် သုံးဆင့်မြောက်နံရံလှေကားကိုတက်လာ၍ အနားတွင်လာထိုင်သည်။ ကိုဝီ့ဆီတွင် ပြုံးယောင်သမ်းသောအရိပ်အယောင်ကိုပါ တွဲလျက်မြင်ရသည်။ ကိုဝီက ဘာမှမဖြစ်သလို ဧရာဝတီကိုငေးသည်။ ကောင်းကင်၏တိမ်အရောင်များသည် ဒီတစ်ခါတော့ ကိုဝီ့နှာဖျားဆီမှာသာမက မျက်နှာတစ်ခြမ်းလောက်ထိကို အရောင်ဟပ်နေခဲ့သည်။ မှိုင်းမြေ့ကိုယ်တိုင်မမြင်ရသော မှိုင်းမြေ့၏မျက်နှာ‌တွင်လည်း ယခုလိုမျိုး ဆည်းဆာရောင်ဟပ်နေလောက်သည်။

" မင်းဘာတွေတွေးနေလဲဆိုတာကို အစ်ကိုသိတယ်။ ဆိုတော့ အစ်ကိုပြောပြတာကို နားထောင်မလား "

မှိုင်းမြေ့ဝေဆိုသောကောင်လေး၏ မျက်နှာကိုငဲ့ကြည့်ကာ ဝီရမေးလိုက်သည်။ ကောင်းကင်ဆီမှ ယှက်ဖြာကျလာသည့် အဝါရောင်သွေးလေးဟာ ဝေ့ရဲ့ ဖြူလွင်သောမျက်နှာထက်တွင် ဝပ်တွားဆင်းသက်နေသည်။ ရှည်လျားသည့် မျက်တောင်များဟာ ဝေ့အား ယောကျာ်းလေးဖြစ်ပါလျက် လှနေစေသောအရာဖြစ်သည်။ ထိုမျှမကသေးဘဲ ဝေ့ရဲ့ မျက်ဆံနက်နက်များတွင် ဆည်းဆာကောင်းကင်သည် အရိပ်ထင်နေလျက် ကမ္ဘာကြီးတစ်ခုလုံးက ထိုကောင်လေးမျက်လုံးတွေထဲ၌သာရှိနေခဲ့သလိုမျိုး ခံစားရသည်။ ဝေက ဝီရ၏စကားကို ခေါင်းညိတ်လျက်အဖြေပြန်ပေးလာသည်မို့ ကိုယ်ကိုယ်တိုင်တောင်သတိမထားမိဘဲ ပြုံးမိသွားရပါသည်။ ပြီးနောက်တော့ ဒီကောင်လေးမသိသေးသည့် အကြောင်းအရာတချို့ကိုပြောပြရန် ရည်ရွယ်လိုက်သည်။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now