ချစ်ခြင်းကိုလက်ကိုင်စွဲ၍ ( အခန်း ၂ )

198 8 0
                                    


" အား လေလေးက ကောင်းလိုက်တာကွာ "

လင်းဇော်ဦး၏ အပျင်းကြောဆန့်သံအကျယ်ကြီးက လေဆိပ်ထဲ၌ဟိန်းထွက်သွားသည်မို့ မှိုင်းမြေ့ သူ့ကို နားရင်းတစ်ချက်အုပ်လိုက်ရသေးသည်။

" အကျယ်ကြီးပဲ အကျယ်ကြီးပဲဟ "

" မင်းကလည်း ဘာဖြစ်လဲ။ ကိုယ့်ပါးစပ်နဲ့ကိုယ်အော်တာပဲ "

" လာကြစမ်းပါကွာ ‌မှောင်နေပြီကွ "

ဤသို့ဖြင့် လေဆိပ်ကနေအပြင်သို့ မှိုင်းမြေ့နှင့်အတူ အစ်ကိုဟိန်းနိုင်သာမက လင်းဇော်ဦးတစ်ကောင်ပါပါလာတော့သည်။ အစ်ကိုဟိန်းနိုင်က သူ့ကတိအတိုင်း မေမေ့ကိုရအောင်ပြောပေးကာ မေမေကလည်း အကြောင်းသိနေလို့ဖြစ်မည်။ ဘာမှထပ်မပြောဘဲ တစ်ပတ်နေလျှင်ပြန်လာဖို့သာမှာလိုက်သည်။ ဖေဖေ့ကိုတော့ပြောမထားရသေးပေ။ မလာခိုင်းမည်စိုးသောကြောင့် ပုဂံရောက်မှပဲ Surprise တိုက်မည်ဟုစဉ်းစားကာ ထွက်လာတာမို့ ယခုလေဆိပ်ကထွက်လျှင် မှိုင်းမြေ့တို့ကို လာကြိုမည့်သူမရှိပေ။ အချိန်အားဖြင့် ညနေခြောက်နာရီခွဲနေပြီဖြစ်သည်။ လေဆိပ်အပြင်သို့ရောက်သည့်အခါ ကားများအနည်းငယ်ရှုပ်နေသည်ကိုတွေ့ရသည်။ ခရီးသည်ကြိုသူကကြိုဖြင့် တုတ်တုတ်များကိုလည်း တစ်စီးစနှစ်စီးစတွေ့ရသည်။

" အဲ့ဒါကြောင့် ငါပြောတယ်။ မင်းအဖေကို ပြောလိုက်ပါဆိုတာကို။ အခုငါတို့ ဘယ်ဟာနဲ့သွားကြမလဲ "

" နေပါဦးကွာ ငါရှာနေပါတယ် "

လင်းဇော်ဦးတစ်ယောက် ပုဂံကိုပါလာပုံမှာ မဆန်း။ မနက်က မှိုင်းမြေ့ကျောင်းရောက်သည့်အခါ ညနေကျလျှင် ပုဂံကိုအစ်ကိုဟိန်းနိုင်နှင့်သွားမည်ဖြစ်ကြောင်းပြောပြလိုက်ရာမှ ဒီကောင်က သူပါလိုက်မည်ဟုဆိုကာ ကောက်ကာငင်ကာ ဖုတ်ဖတ်ခါပြီးလိုက်လာခြင်းဖြစ်သည်။ လင်းဇော်ဦးအိမ်က သိပ်တော့တင်းကြပ်ပုံမရ။ ထို့အပြင် ဆယ်တန်းစာမေးပွဲကိုလည်း အောင်ရင်တော်ပါပြီဟုဆိုကာ စိတ်လျှော့ထားကြသည့်မိဘများဖြစ်သည်။ လင်းဇော်ဦးက ဘောလုံးသမားဖြစ်ချင်တာကိုလည်းနားလည်ပေးကာ သူ့သားဝါသနာအတွက် ထောက်ပံ့ပေးဖို့စဉ်းစားထားကြသည့်မိဘများလည်းဖြစ်သည်။ ထိုသို့မစဉ်းစားလို့လည်းမရ။ ဒီကောင်က ဇွတ်တရွတ်သမားဖြစ်ကာ သူလုပ်ချင်တာကိုပေးမလုပ်လျှင် သူ့နည်းနဲ့သူ မဖြစ်ဖြစ်အောင်လုပ်မည့်သူဖြစ်သည်။ လင်းဇော်ဦး၏မိဘများက မှိုင်းမြေ့နှင့်ဆို စိတ်ချတာလည်းပါလိမ့်မည်။ အဖေဖြစ်သူက လမ်းတံတားအင်ဂျင်နီယာတစ်ယောက်ဖြစ်ကာ ၊ အမေဖြစ်သူက မူလတန်းကျောင်းအုပ်ဆရာမဖြစ်သည်။ ထို့ကြောင့် အိမ်၌အနေမများကြတာမို့ လင်းဇော်ဦးမှာ ငယ်ငယ်ကတည်းက ပျင်းလာပြီဆိုလျှင် မှိုင်းမြေ့အိမ်မှာပဲ လာ၍အချိန်ကုန်တတ်သည်။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now