အခန်း ( ၉ ) [ Unicode ]

381 25 2
                                    

( Unicode )

ရှင်လျက်နှင့် သေရခြင်းတွေအပေါ် စိတ်မကုန်တတ်သ၍ ဒီစက်ဝန်းထဲမှ ရုန်းနိုင်မည်မထင်တော့ပါ။ ဘယ်နေ့ကစပြီး မြူမှိုင်းကမ္ဘာဟာ နေရောင်မရှိတော့တာလဲ။ ဘယ်နေ့ကစတင်ပြီး မှောင်မိုက်သွားခဲ့တာလဲ။ မွေးလာကတည်းကလား။ စွန့်ပစ်ခံလိုက်ရကတည်းကလား။ ဒါမှမဟုတ် ကိုကို့အမေ အရေးပေါ်ဖြစ်လို့ ရန်ကုန်ပြန်ဆင်းသွားတဲ့နေ့ကလား။

" အကုန်လုံးက နင့်ကြောင့်ပဲ။ နင့်ကြောင့် မေမေအခုလိုဖြစ်ရတာ "

ကိုကို့ အစ်မဆိုသူကို မြူမှိုင်း ထိုနေ့ကမှမြင်ဖူးခြင်းဖြစ်သည်။ လမ်းတစ်လျှောက်လုံး တုန်ရီနေခဲ့သော ကိုကို့ကို မြူမှိုင်း ဘယ်လောက်တောင် နှစ်သိမ့်ချော့မြူထားခဲ့ရသလဲ။ ထိုချော့မြူခြင်းကြောင့် ခဏတာအေးချမ်းခဲ့သော ကိုကို့စိတ်ဟာ ဆေးရုံကိုရောက်လာချိန်မှာပဲ အကုန်အငွေ့ပျံပျောက်ကွယ်ကုန်တော့သည်။ ကိုကိုဟာ ဆေးရုံအခန်းထဲဝင်သွားသည်နှင့် ခုတင်ပေါ်လှဲနေသည့် အန်တီကြီးကိုမြင်သောအခါ တာကျိုးသွားသည့် ဆည်တစ်ခုလို မျက်ရည်များ အဆက်မပြတ်ကျဆင်းလာခဲ့သည်။ မြူမှိုင်း မနှစ်သက်သော ကိုကို့မျက်ရည်များအား သုတ်ပေးခွင့်လည်းမရှိ ၊ မိသားစုကြောင့်ကျသည့် မျက်ရည်ကို မြူမှိုင်းဟာ ဘယ်လိုတားရက်မလဲ။

" နင့်ကြောင့် မေမေက စိတ်ဆင်းရဲရတာ။ နင့်ကြောင့်ပဲ အခုလို နှလုံးဖောက်ပြီးဆေးရုံရောက်ရတာ "

ဘုရားသခင်ရေ ဒုက္ခပါပဲ။ ကျွန်တော့် အမျိုးသားငယ်ကို ဘယ်လိုလုပ်ရပါ့။ ကျွန်တော့် အမျိုးသားငယ်ရဲ့ နှလုံးသားနုနုထဲကို သူမက သံမှိုတွေရိုက်သွင်းနေတယ်။ ကျွန်တော့်အမျိုးသားငယ်ရဲ့ စိတ်ကို သူမက ဒဏ်ရာတွေရအောင်လုပ်နေတယ်။ ကျွန်တော် ဘယ်လိုလုပ်ရပါ့မလဲ။ ကျွန်တော့် ကမ္ဘာငယ်ကို ဘယ်လိုကာကွယ်ရမလဲ။

" သားက မြူမှိုင်းမောင်မလား။ ဦးတို့ ခဏလောက် အပြင်မှာ စကားပြောရအောင် "

ဆိုဖာပေါ်ထိုင်နေသော ဦးလေးကြီးတစ်ယောက်က ထလာရင်း မြူမှိုင်းအနားသို့ကပ်ပြောသည်။ မြူမှိုင်း ကိုကို့ကိုကြည့်လိုက်သည်။ ကိုကိုက ခေါင်းကိုငုံ့ထားလျက် မျက်ရည်တို့လည်း ကျဆင်းနေလျက်။ ဟင့်အင်း။ ကျွန်တော် ဘယ်ထားခဲ့နိုင်မလဲ။ ကျွန်တော်ထွက်သွားလို့ ကိုကို့ကို စကားကြမ်းကြမ်းတွေနဲ့ ထပ်နှိပ်စက်ရင်ဘယ်လိုလုပ်မလဲ။ ဘာတစ်လုံးမှဝင်ပြောလို့မရရင်တောင် ကိုကို့အနား ကျွန်တော်ရှိနေပေးလို့ရတယ်မဟုတ်လား။ ကိုကို့ကို တစ်ယောက်တည်း ကျွန်တော်ဘယ်လိုထားခဲ့နိုင်ပါ့မလဲ။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now