မီးပုံးရယ် ရောင်စုံ ၊ မေတ္တာပါ လုံခြုံနွေးပါလို့

117 6 8
                                    

ဝီရစည်သူ & မှိုင်းမြေ့ဝေ


" ကိုဝီ မြန်မြန်လာ "

ဝေက ဝီရလက်ကိုဆွဲလျက် ရှေ့ကိုရောက်ဖို့ စိတ်လောနေလေသည်။ ခက်တာက ဝီရတို့ရောက်နေသည်မှာ လူအတော်စည်သည့် ပွဲဈေးမို့ ရှေ့ရောက်ဖို့ကိုပင် မနည်းသွားနေရလေသည်။ ယနေ့က သီတင်းကျွတ်လပြည့်နေ့ဖြစ်တာကြောင့် အာနန္ဒာဘုရားဝင်းရှေ့ကကွင်းပြင်တွင် ပွဲဈေးတည်ထားကြခြင်းဖြစ်သည်။ ချားရဟတ်များနှင့်အတူ ကလေးတွေစီးသည့်ယာဉ်များလည်းရှိသည်။ ပူဖောင်းဖောက် ၊ အရုပ်ကွင်းပစ် ၊ သရေကွင်းပစ်စသည့် ကစားရာဆိုင်လေးများလည်းပါတာမို့ တော်တော်လေး ဆူညံနေသည်။ မုန့်ဆိုင်များကလည်း ပွဲဈေးတို့ရဲ့ထုံးစံအတိုင်း စုံစုံလင်လင်ရှိလှကာ အကြော်အလှော်သံများ တရှဲရှဲမြည်နေသည်။

ထိုကဲ့သို့ လူတွေများနေသည့်ကြားကနေ ဝီရရဲ့ချစ်ရသူကောင်ငယ်လေးက လက်ကိုဆွဲလျက် ထိုလူအုပ်ထဲကို လှေဦးကဲ့သို့ ထိုးခွင်းသွားနေလေသည်။ ဝေ ချော်လဲမှာစိုးသဖြင့် ဝီရမှာ ဝေ့လက်ကို ခပ်တင်းတင်းပြန်ဆွဲရင်း ထိန်းထားပေးရသည်။ ထိုကောင်လေးမျက်လုံးထဲတွင် အောက်က ခလုတ်ကသင်းများကို မြင်ဟန်မတူ။ ခပ်လှမ်းလှမ်းက အပေါ်တက်လုနီးနီးဖြစ်နေသည့် မီးပုံးပျံကြီးကိုသာ မြင်ပုံရလေသည်။ ဝေ့ရဲ့ လျင်မြန်မှုကြောင့် မီးပုံးပျံလွှတ်မည့်နေရာသို့ အချိန်မှီရောက်သွားသည်။ ကွင်းထဲကိုရောက်တော့မှ ဝေက ခြေလှမ်းကိုရပ်ပြီး အမောဖြေနိုင်သည်။ ဟောဟဲလိုက်ပြီး မောနေသော်လည်း ဝေ့ရဲ့မျက်ဝန်းများက အတော်အသင့်မှိုင်းဝနေပြီဖြစ်သော မီးပုံးဆီကိုသာ တောက်တောက်ပပကြည့်နေသည်။

မီးပုံးပျံ၏မီးတောက်အရောင်သည် ဝေ့ရဲ့မျက်ဆံထဲတွင် လိမ္မော်ရောင်သေးသေးလေးကလေးအဖြစ် အရောင်ဟပ်နေသည်။ မီးပုံးပျံကို ပျော်ရွှင်၍ကြည့်နေပုံက ကလေးတစ်ယောက်သဖွယ်ဖြစ်နေကာ ညွှန့်တက်နေသော နှုတ်ခမ်းလေးဟာလည်း လှပနေခဲ့သည်။ ဝီရသည် ထိုအခိုက်အတန့်တွင် ဘေးနား၌ရှိသော ‌ဆူညံသံများနှင့် အဆက်အသွယ်ပြတ်သွားရသည်။ ပူလောင်မှုကြောင့် နားထင်စပ်နားတွင် တွဲလဲ‌ခိုနေသည့် ချွေးစက်ကလေးများကတောင် ဝေ့အတွက် ခံ့ညားနေသည်။ ဖြူဝင်းသည့်အသားရေပေါ် ရောင်ပြန်ဟပ်နေတဲ့ လိမ္မော်ရောင်မီးတွေကအစ ဝေ့အတွက် ပံ့ပိုးနေသလိုမျိုး ဝီရရဲ့ကလေးငယ်က ချောမောနေသလို တစ်ချိန်တည်းမှာပဲ ခမ်းနား၍လှပနေခဲ့သည်။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now