( Unicode )
ပစ္စုပ္ပန်ကာလ
မြူမှိုင်းမောင်
အလိုတော်ပြည့်ဘုရားမှ ထွက်လာပြီးနောက် အနီးတွင်ရှိသည့် ထီးလိုမင်းလိုဘုရားဘက်သို့ လာခဲ့ကြသည်။ ရယ်မောကြတာများသောအခါတွင်မူ အားလုံးက ခဏတာမော၍ငြိမ်သွားကြတာမို့ မြူမှိုင်းတို့လည်း ရယ်စရာထက် သမိုင်းကြောင်းကိုသာ ပို၍ရှင်းပြပေးလိုက်ကြသည်။
" ရာဇဝင်တွေက ဆင်တူရိုးမှားတွေ အများကြီးရှိနေတတ်တယ်နော် "
" ဟုတ်တယ် မမေမီ။ အခုဆိုလည်း နရပတိစည်သူမင်းကြီးရဲ့ မိဖုရားငယ်က မင်းကြီးရဲ့ လက်ညှိုးကခူနာကို သူ့ရဲ့ အာငွေ့နဲ့ အနာသက်သာအောင်လုပ်ပေးရင်း မင်းကြီးက အိပ်ပျော်သွားတဲ့အချိန်မှာ ခူနာကပြည်ပေါက်သွားတယ်။ ပြည်ကို ထွေးထုတ်လိုက်ရင် မင်းကြီးနိုးသွားမှာစိုးလို့ မိဖုရားက မထွေးဘဲ မြိုချလိုက်ပါလေရော။ ဒါကိုသိသွားတဲ့ မင်းကြီးက မိဖုရားကို ဘာဆုလိုချင်လဲ မေးတဲ့အခါ မိဖုရားက သူ့ရဲ့သား ဇေယျသိင်္ခကို နန်းတော်စောင့်ရာထူးပေးဖို့ တောင်းဆိုခဲ့တယ်။ ဒီလိုအလားတူဖြစ်ရပ်မျိုးက အားလုံးလည်းသိပြီးသားဖြစ်တဲ့ အဇာတသတ်နဲ့သူ့ရဲ့ဖခင်မင်းကြီး အကြောင်းနဲ့ သွားတူတယ် "
ထီးလိုမင်းလိုဘုရားကြီး၏ အရိပ်ရသည့် ရင်ပြင်တစ်နေရာတွင် စုပေါင်းဝိုင်းထိုင်လိုက်ကြ၍ မြင့်မားလွန်းသည့် ဘုရားကြီးအား တစိမ့်စိမ့်ကြည့်ကာ ဤဘုရားဖြစ်ပေါ်လာပုံသမိုင်းကြောင်းတို့ကို စိတ်ဝင်တစားဆွေးနွေးဖြစ်ကြသည်။
" ထီးနန်းကြောင့် တိုက်ခိုက်ကြ ၊ သေကြေကြ ၊ ပျက်စီးကြတာများတဲ့ ရာဇဝင်တွေကြားထဲမှာ ဇေယျသင်္ခတို့ ညီနောင်တွေက ငြိမ်းချမ်းခြင်းပြယုဂ်ဖြစ်ခဲ့ကြတာပဲ "
အကြောင်းမှာတော့ နရပတိစည်သူမင်းကြီးတွင် သားငါးပါးရှိသည့်အနက် မည်သူ့အားထီးနန်းပေးရမည်ဆိုသည်ကို ဆုံးဖြတ်ရန်အတွက် မြေကြီးပေါ်တွင် ထီးဖြူတစ်ချောင်းကိုစိုက်စေကာ ထီးဖြူ၏ပတ်ပတ်လည်တွင် သားငါးပါးကို ရပ်စေသည်။ ထိုသားငါးပါးအနက် ထီးဖြူက ယိုင်လဲကျသွားမည့်နေရာရှိသားအား ထီးနန်းပေးရန်မင်းကြီးက အဓိဌာန်ပြုခဲ့ရာ ထိုထီးဖြူသည် ဇေယျသင်္ခမင်းသားဆီသို့ကျရောက်ခဲ့သည်မို့ မင်းကြီးက ဇေယျသင်္ခအား အိမ်ရှေ့ရာထူးအပ်နှင်းခဲ့သည်။ ကျန်သည့် ညီနောင်လေးယောက်တို့မှာလည်း ထီးနန်းလုခြင်း ၊ မနာလိုခြင်းများမပြုခဲ့ဘဲ ဇေယျသင်္ခနှင့်အတူ တိုင်းပြည်ရေးကို ကဏ္ဍမျိုးစုံမှပါဝင်ကူညီအားဖြည့်ခဲ့သည်ဟု သမိုင်းကြောင်းများအရသိရလေသည်။
YOU ARE READING
မှန်လေးတစ်ချပ် ခြားထားသလို
Ficção Geralနှစ်ရှည်ကြာစွာ ဆက်၍ရေးချင်မိတဲ့ ပန်းချီကားငယ်... အဆုံးမသတ်ချင်မိတဲ့ ဒိုင်ယာရီတစ်ပုဒ်... ဖြတ်မျဉ်းနှစ်ကြောင်းရဲ့ အညိုရောင်မျှော်လင့်ချက်လေး... နောက်ပြီး အမျိုးသားနှစ်ဦးကြားက ကာဆီးထားတဲ့ မှန်လေးတစ်ချပ်... ဒီလိုနဲ့ပဲ နီးနေရင်းကနေ ဆွေး... - Yoon Yeik -
