( Unicode )
လွန်ခဲ့သော ၅ နှစ်ခန့်က။
" မင်းနဲ့ ငါ သူငယ်ချင်းမဟုတ်တော့ဘူး။ ဘယ့်နှယ်ကွာ ရှက်စရာကောင်းလိုက်တာ။ မင်းလိုကောင်မျိုးနဲ့ သူငယ်ချင်းလုပ်ခဲ့မိတဲ့ ငါ့ကိုယ်ငါတောင် သနတယ်။ ဖယ်စမ်း "
ပထမဆုံး စွန့်ပစ်ခံရခြင်းမဟုတ်သော်ငြားလည်းထိုနေ့က သတ်သေချင်လောက်အောင်ထိ စိတ်ဓာတ်ကျသွားခဲ့သည်။ မွေးကတည်းက စွန့်ပစ်ခြင်းနှင့် နေသားကျခဲ့သော မြူမှိုင်းသည် တစ်ယောက်တည်းသော သူငယ်ချင်းဖြစ်သူ၏ ပစ်ခါခြင်းမှာ ဆောက်တည်ရာမရအောင်ပင် လဲပြိုကျခဲ့သည်။ မြူမှိုင်း၏ဖြစ်တည်မှုကို ပထမဆုံးပြောပြဖူးသည့်သူဆီကနေ ဆိုးဆိုးရွားရွား စကားလုံးတွေပြန်လည်ရရှိခဲ့သော ညနေခင်းတစ်ခုဟာ တော်တော်လေးကို အကျည်းတန်နေခဲ့ပါသည်။
မိဘမဲ့ကျောင်းမှ ထွက်လာပြီးသည့်နောက် စာရေးခြင်းကို ဇောက်ချလုပ်ကိုင်ခဲ့သည့် မြူမှိုင်းသည် မည်သည့်စာအုပ်တိုက်ကမှ အရေးတယူမရှိသော အညတရလူတစ်ယောက်သာဖြစ်ခဲ့သည်။ ဖတ်မည့်သူမရှိလည်းပဲ ထိုစာတွေကို ဆက်ရေးဖြစ်ခဲ့သည်။ အနည်းဆုံးတော့ စာတွေဟာ မြူမှိုင်း၏အဖော်ဖြစ်နေတာကြောင့် စာရေးခြင်းကို လက်လွှတ်လို့မရနိုင်ပါ။ ထို့နေ့ကတော့ဖြင့် သူငယ်ချင်းဖြစ်သူ၏ လျစ်လျူရှုခြင်း ၊ ဥပေက္ခာပြုခြင်းကို ခံစားရပြီးနောက်မှာ အဖော်မွန်ကောင်းဖြစ်သည့် စာတွေပင်ဆက်မရေးနိုင်ခဲ့ပေ။ မိဘရော ၊ ဆွေမျိုးရော ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုရော ဘာဆိုဘာမျှမရှိသည့် မြူမှိုင်းဘဝတွင် သူငယ်ချင်းဆိုသည်မှာ ရှားရှားပါးပါးထိုသူတစ်ယောက်သာရှိခဲ့သည်။ ထိုလူကပါ စွန့်ပစ်လိုက်ပြီးသည့်နောက်တွင် ဘာကိုမှလည်း လုပ်ချင်ကိုင်ချင်စိတ်မရှိတော့ပဲ ရင်တွင်း၌လည်း ဗလာချည်းသက်သက်သာဖြစ်နေခဲ့သည်။ နာကျည်းပြီး မုန်းတီးလိုက်လည်းရသော်ငြား ထိုသို့လုပ်ဖို့ရာလည်းမတတ်နိုင်ခဲ့။ အရာအားလုံး ဆုံရှုံးလိုက်ရသလိုခံစားချက်က ပို၍ကြီးသွားပုံရပါသည်။
ထိုသို့သော အရှုံးပေးပစ်ချင်စိတ်များဖြင့် ပလတ်ဖောင်းပေါ်ခပ်ငိုင်ငိုင်လျှောက်လာနေမိစဉ်တွင် မျက်စိရှေ့နား၌ အရိပ်ကလေးတစ်ခုကိုတွေ့လိုက်ရသည်။ လမ်းကူးရန်စောင့်နေဟန်ရှိသော ထိုအရိပ်လေးသည် တစ်ယောက်ယောက်နှင့် ဖုန်းဆက်နေဟန်ရှိကာ အလုပ်လည်းရှုပ်နေပုံရပါသည်။ ရှပ်အင်္ကျီအပြာလွင်လွင်လေးကို ကြယ်သီးအပြည့်တပ်ထားပြီး style pant အသားရောင်ဖြင့် သပ်ရပ်စွာဝတ်ထားတာကြောင့် ခဏတွင်းချင်းမှာပင် ထိုအရိပ်လေးဟာ မြူမှိုင်းနှင့်မတူသော level တစ်ခုကလူဆိုတာကိုရိပ်မိလိုက်သည်။ ကြည်လင်သော မျက်နှာလေးတွင် မြူမှိုင်းပထမဦးစွာမြင်လိုက်ရသည်က ဘယ်ဘက်မျက်စိထောင့်နားက မှဲ့နက်သေးသေးကလေးဖြစ်သည်။ ထိုအရိပ်လေးသည် မျက်မှောင်တို့ကိုလည်းကျုတ်ထားလျက် တစ်ခုခုကိုစိတ်အလိုမကျဟန်ရှိနေသော်လည်း ပြုံးလိုက်ရင်တော့ဖြင့် ကြည့်ကောင်းမှာပဲဟု မသိစိတ်က တွေးမိသွားသေးသည်။ ထိုအချိန်ကတည်းကပဲဖြစ်မည်။ ထိုအချိန်ကတည်းကစလို့ မြူမှိုင်းသည် ထိုအရိပ်ကလေးကို တွေ့လိုက်တိုင်း ကိုယ့်ရဲ့ ရှိရင်းစွဲပြဿနာတွေကို မေ့လျော့ကာ အာရုံများက ထိုသူ့ဆီမှာပဲ သွား၍ ဖြစ်တည်နေတတ်သည်။
![](https://img.wattpad.com/cover/334236688-288-k95898.jpg)
YOU ARE READING
မှန်လေးတစ်ချပ် ခြားထားသလို
Ficción Generalနှစ်ရှည်ကြာစွာ ဆက်၍ရေးချင်မိတဲ့ ပန်းချီကားငယ်... အဆုံးမသတ်ချင်မိတဲ့ ဒိုင်ယာရီတစ်ပုဒ်... ဖြတ်မျဉ်းနှစ်ကြောင်းရဲ့ အညိုရောင်မျှော်လင့်ချက်လေး... နောက်ပြီး အမျိုးသားနှစ်ဦးကြားက ကာဆီးထားတဲ့ မှန်လေးတစ်ချပ်... ဒီလိုနဲ့ပဲ နီးနေရင်းကနေ ဆွေး... - Yoon Yeik -