အခန်း ( ၁၉ ) [ Unicode ]

443 33 10
                                    

( Unicode )

" ဦးဦးက သားဖေဖေကို သိလို့လား "

မှိုင်းမြေ့ဝေဆိုသော ထိုကလေး၏လက်တစ်ဖက်ကို ဆွဲထားရင်း လမ်းမကြီးဘေး၌ဖြည်းဖြည်းချင်းလမ်းလျှောက်လာကြခြင်းဖြစ်သည်။ အတွေးပေါင်းများစွာနှင့် မည်သည့်စကားကိုမှမပြောနိုင်ခင်မှာပင် မြူမှိုင်းထက်အရင် ထိုကလေးက မေးခွန်းမေးလာသည်။ သူ့လက်သေးသေးလေးကို ခပ်ကျစ်ကျစ်ဆုပ်ကိုင်ထားရုံမှလွဲ၍ မြူမှိုင်း ဘာကိုမှမလုပ်နိုင်။ ဤကလေးငယ်အား မျက်မြင်တွေ့လိုက်ရခြင်းအပေါ်  ခံစားမှုကရှုပ်ထွေးနေခဲ့သည်။ ကိုကို့ရဲ့သားအရင်းမဟုတ်ခဲ့ဘူးဆိုရင်တောင် ဒီကလေးရဲ့ နုနုနယ်နယ်အသိစိတ်ထဲမှာ ကိုကိုဟာ သူ့ရဲ့ဖခင်အရင်းပဲမဟုတ်လား။ ဒီတော့ သူ့အမေးကို မြူမှိုင်းကဘယ်လိုဖြေပေးရင်ရလောက်မလဲ။ သိလို့လားဆိုတဲ့ အဲ့မေးခွန်းကို ဘယ်လိုဖြေရင်ရလောက်မလဲ။

" သိတာပေါ့။ သားဖေဖေကို ဦးဦးက ကောင်းကောင်းသိတယ် "

ဟန်ဆောင်သောအပြုံးတစ်ခုဖြင့် အောက်က ကလေးငယ်ဆီကြည့်လိုက်ရင်း မရေမရာအဖြေကိုပြန်ပေးမိသည်။ ထို့နောက် လမ်းဆက်လျှောက်လာရင်း ကလေးက နောက်တွင်ကျန်ကျန်ခဲ့သည်မို့ ကြည့်လိုက်သောအခါ သူ့ခြေထောက်မှာ ထော့နဲ့နဲ့လေးဖြစ်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် ‌လမ်းလျှောက်ခြင်းကိုရပ်လိုက်ကာ မြူမှိုင်း သူ့ရှေ့တွင်ဆောင့်ကြောင့်ထိုင်လိုက်သည်။ ဝတ်ထားသည့် ဖိနပ်လေးကို ချွတ်ကြည့်တော့ ခြေကျင်းဝတ်က နီရဲလို့နေသည်။

" သား ချော်လဲထားတာလား "

ကလေးငယ်က ခေါင်းညိတ်၍အဖြေပေးသည်။ မြူမှိုင်းသည် သူ့ခြေကျင်းဝတ်အား ခပ်ဖွဖွကိုင်ရင်းအဆစ်နားကိုနည်းနည်းလှည့်ကြည့်တော့ နာသဖြင့် သူက အော်လာသည်။ မျက်ရည်လေးပင် ဝဲတက်လာတော့သည်။ ကြည့်ရသည်မှာ အဆစ်လွဲသွားသည်ထင်၏။ ထို့ကြောင့် ချွတ်ထားသည့်ဖိနပ်ကိုပြန်ဝတ်ပေးလိုက်ရင်း ထိုကလေးငယ်ကို ကျောပေးလိုက်သည်။

" ကဲ ကျောပေါ်တက်ကွာ "

ဤသို့ဖြင့် မှိုင်းမြေ့ဝေဆိုသော ထိုကလေးငယ်သည် မြူမှိုင်း၏ ကျောပေါ်တွင် တောက်တဲ့တစ်ကောင်ကဲ့သို့ တွယ်ကပ်၍လိုက်ပါခဲ့တော့သည်။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now