" ဟေး ဟေး လုပ်ထားကွ "
" မင်းနန်သူရေလုပ်ထားဟေ့ "
" ဖွားစော ဖွားစော "
" သူဌေးကန်ရေ အားတွေထုတ်လိုက်စမ်း "
အမျိုးမျိုးသောအော်ဟစ်သံများက ဆူဆူညံညံထွက်ပေါ်နေလျက်ရှိသည်။ မဏ္ဍပ်များအလယ်၌ ထမနဲထိုးသူများမှာ အင်တိုက်အားတိုက်ရှိလှသည်။ နေမြင့်လာသည်နှင့်အမျှ ဆောင်း၏အအေးဓာတ်မှာ လျော့နည်းသွားပြီဖြစ်ကာ ထမနဲထိုး၍လှုပ်ရှားနေသူများအဖို့ ပူအိုက်လာပြီဖြစ်သည်။ ထမနဲပွဲက အိုးစည်ဒိုးပတ်အသံများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်စည်ကားနေကြကာ အော်ဟစ်အားပေးသူအသံများကြောင့်လည်း ပို၍ပွဲဆူနေသည်။ မှိုင်းမြေ့သည် ရွာအားလုံး၏ထမနဲဒယ်များကို စိတ်ပါဝင်စားစွာကြည့်နေမိရင်း လက်ခုပ်လက်ဝါးတီး၍အားပေးနေမိသည်။
မင်းနန်သူကိုယ်စားပြုထမနဲဒယ်ကို ကြည့်မိတော့လင်းဇော်ဦးမှာ ယောင်းမနှစ်ခုကိုအလယ်မှကိုင်၍ အားမာန်ဖြင့်နှယ်နေခြင်းကို သူ၏တင်းကြွနေသောလက်မောင်းသားများကိုကြည့်၍ သိနိုင်ပေသည်။ သူ၏ဘေးနားက သူဌေးကန်ရွာကိုယ်စားပြုထမနဲဒယ်ရှေ့တွင်ရှိနေသည့် ကိုဝီ့ကိုကြည့်မိပြန်သောအခါ ကိုဝီကလည်းမတ်တပ်ရပ်၍ ယောင်းမကိုအားမာန်ဖြင့်ကိုင်လျက်နှယ်နေသည်။ ပူအိုက်ခြင်းကြောင့် ကိုဝီဝတ်ထားသည့်အဖြူရောင်အင်္ကျီမှာ ချွေးစတို့ဖြင့်ရွှဲရွှဲစိုလျက် အသားတွင်ကပ်နေသည်။ ထို့ကြောင့် ကိုဝီ့ဗိုက်သားနားရှိကြွက်သားအဖုတချို့ကို အင်္ကျီသားအားဖောက်ထွက်၍မြင်နေရသည့်အခါ မှိုင်းမြေ့၏ ပါးမှာရဲခနဲဖြစ်သွားရ၏။
ကိုဝီ အားကစားတွေလုပ်ထားတာများလား။ ဘာလို့များခန္ဓာကိုယ်က အဲ့လောက်ကြည့်ကောင်းနေရတာလဲ။
" အိုး ဝီရစည်သူတို့က ကြိတ်ပြီး Gym ပြန်ဆော့နေတာများလား "
မှိုင်းမြေ့ကြည့်နေစဉ်မှာပင် အနားသို့မမနန္ဒာရောက်လာပြီး ဘေးတွင်လာထိုင်သည်။ မမနန္ဒာက တီရှပ်အဖြူရောင်နှင့်ဂျင်းဘောင်းဘီပွပွလေးတစ်ထည်ကိုဝတ်ထားသည်။ သူမ၏ပုံစံက ကျော့ရှင်း၍လှပနေခဲ့ကာ လွတ်လွတ်လပ်လပ်လည်းရှိလှသည်။
YOU ARE READING
မှန်လေးတစ်ချပ် ခြားထားသလို
Tiểu Thuyết Chungနှစ်ရှည်ကြာစွာ ဆက်၍ရေးချင်မိတဲ့ ပန်းချီကားငယ်... အဆုံးမသတ်ချင်မိတဲ့ ဒိုင်ယာရီတစ်ပုဒ်... ဖြတ်မျဉ်းနှစ်ကြောင်းရဲ့ အညိုရောင်မျှော်လင့်ချက်လေး... နောက်ပြီး အမျိုးသားနှစ်ဦးကြားက ကာဆီးထားတဲ့ မှန်လေးတစ်ချပ်... ဒီလိုနဲ့ပဲ နီးနေရင်းကနေ ဆွေး... - Yoon Yeik -