( Unicode )
" သားရေ နောက်ဖေးကမုန့်နှစ်အိုးလေး ယူခဲ့ပါဦး "
" ဟုတ် အမေ !!!! "
" ဗုဒ္ဓေါ "
အမေကျင်၏စကားကို ပြိုင်တူတုံ့ပြန်သူမှာ လေးယောက်။ မြူမှိုင်းရယ် ၊ ကိုကိုရယ် ၊ မိုးဦးရယ် ၊ နောက်တစ်ယောက်ကတော့ မိုးဦး၏အမျိုးသား ကိုယံကောင်းအိမ်။ ခရီးသွားလမ်းညွှန်လုပ်ရင်းဖြင့် မိုးဦးရှာဖွေတွေ့ရှိခဲ့သောအချစ်ဦးလည်းဖြစ်သည့် ကိုယံကောင်းအိမ်က သူ့ကတိစကားအတိုင်း မိုးဦးဆီသို့ပြန်လာခဲ့ရာ အခုတော့အတူတူနေဖြစ်ကြသည်။ အိမ်တွင် အဖေသိန်းနှင့်အမေကျင် ၊ မြူမှိုင်းတို့နှစ်ယောက် ၊ မိုးဦး ၊ ကိုကောင်းရယ်ဖြင့် စိုစိုပြေပြေရှိလှသည်။ ဒီနေ့က ပြာသိုလပြည့်နေ့ဖြစ်တာကြောင့် မနက်စောစောကတည်းက အိမ်ကဘုရားစင်တွင် ဆီမီး ၊ ပန်း ၊ ရေချမ်း ၊ ဆွမ်းတို့ကိုကပ်လှူထားပြီးဖြစ်သည်။ မုန့်များလည်းလုပ်စားကြမည်ဖြစ်သောကြောင့် အားလုံးစားရန်အတွက် အမေက အကြော်များကြော်ဖို့ပြင်နေသည်။
" မုန့်နှစ်အိုးနဲ့နီးတဲ့သားတစ်ယောက် ယူခဲ့ဟေး တကတဲတော် "
အမေ့စကားကြောင့် အားလုံးရယ်မောလိုက်ကြမိရင်း ဝိုင်းကူကာ အစားအသောက်များပြင်ဆင်ကြသည်။ အချဉ်ရည်ဖျော်ရန်အတွက် ကြက်သွန်ဖြူနွှာသူကနွှာ ၊ ပန်းကန်တွေဆေးသူကဆေး ၊ အမေနှင့်အတူ အကြော်ဝိုင်းကူကြော်ပေးရင်း အလုပ်ကိုယ်စီရှုပ်နေကြသည်။ အဖေသိန်းကတော့ အိမ်မှာမရှိပေ။ နှစ်အိမ်ကျော်က ကိုတုတ်ကြီးဆီသို့ လူမမာသတင်းသွားမေးနေသည်။
" ဟောဗျာ ငါ့အစ်ကိုငိုနေသလား "
မိုးဦး၏စကားကြောင့် မြူမှိုင်းဘေးကိုကြည့်လိုက်မိသောအခါ ကိုကိုက ကြက်သွန်နီနွှာနေရင်း အင်္ကျီလက်ဖြင့် မျက်ရည်သုတ်နေတာကိုမြင်ရတာမို့ ခွိခနဲရယ်မိသည်။ ခြွေနေလက်စကန်စွန်းရွက်ကိုချရင်း တစ်ရှူးတစ်ရွက်ယူကာ ကိုကို့ဘေးနားသို့ကပ်သွားလိုက်သည်။ ကိုကိုက သူ့အင်္ကျီလက်ဖြင့်မျက်ရည်သုတ်နေတာမို့ မြူမှိုင်းကိုကြည့်မအားပေ။
" ကိုကို ကျွန်တော့်ကိုကြည့်ပါဦး "
မြူမှိုင်းအသံကြားမှ မျက်လုံးပေကလပ်ဖြင့် မျက်ရည်များစိုစွတ်လျက်ကြည့်လာသည်။ အသက်အရွယ်သည် ကိုကို့အတွက် အမှန်တကယ်ကိန်းဂဏန်းတစ်ခုသာသာပဲဖြစ်ခဲ့ကာ ကိုကိုက အခုချိန်ထိတောင်ချစ်စရာကောင်းသည့် အမျိုးသားတစ်ယောက်ဖြစ်နေခဲ့သေးသည်။ မြူမှိုင်းသည် တစ်ရှူးစဖြင့် ကိုကို့မျက်လုံးတစ်ဝိုက်ကိုသုတ်ပေးရင်း ပြုံးနေမိသည်။
YOU ARE READING
မှန်လေးတစ်ချပ် ခြားထားသလို
Ficção Geralနှစ်ရှည်ကြာစွာ ဆက်၍ရေးချင်မိတဲ့ ပန်းချီကားငယ်... အဆုံးမသတ်ချင်မိတဲ့ ဒိုင်ယာရီတစ်ပုဒ်... ဖြတ်မျဉ်းနှစ်ကြောင်းရဲ့ အညိုရောင်မျှော်လင့်ချက်လေး... နောက်ပြီး အမျိုးသားနှစ်ဦးကြားက ကာဆီးထားတဲ့ မှန်လေးတစ်ချပ်... ဒီလိုနဲ့ပဲ နီးနေရင်းကနေ ဆွေး... - Yoon Yeik -