၆ နှစ်ခန့်ကြာသော်
ဝီရစည်သူ" ဒီတစ်ခေါက်ပစ္စည်းတွေလည်း စိတ်တိုင်းကျတယ်ကွာ။ အစ်ကိုတို့ သူဌေးက မင်းဆီက ယွန်းထည်တွေပဲ သဘောကျနေတာ။ နောက်နှစ်အတွက်လည်း မတူညီတဲ့ဒီဇိုင်းဆန်းတွေကို မျှော်နေမယ် "
" စိတ်တိုင်းကျတယ်ဆိုရင် ကျွန်တော်က ဝမ်းသာနေပါပြီ။ ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး။ ချိန်းထားတာလေး နောက်ကျလို့မဖြစ်လို့ပါ "
" ဟုတ်ပြီ ဟုတ်ပြီ။ ကျေးဇူးတင်ပါတယ်ကွာ "
" ရပါတယ်ခင်ဗျ "
ပြောပြီးဆိုပြီးသည်နှင့် ဝီရသည် မန္တလေးမြို့၏ အကြီးဆုံးဟိုတယ်တွေထဲကတစ်ခုဖြစ်သော မြနန္ဒာဟိုတယ်အဆောက်အဦးထဲကနေ ထွက်လာခဲ့သည်။ ခုနက အားရဝမ်းသာနှင့် စကားပြောနေသူမှာ ဤဟိုတယ်၏မန်နေဂျာဖြစ်သူ ကိုကြည်ဦး ဖြစ်လေသည်။ ဒီနှစ်တွေအတွင်းတွင် ဝီရ၏ ယွန်းထည်လုပ်ငန်းမှာ အရှိန်အဟုန်ကောင်ကောင်းဖြင့် တိုးတက်နေလျက်ရှိသည်။ ပုဂံနှင့်မန္တလေးရှိ ဟိုတယ်တော်တော်များများက သူတို့ဆီတွင် အလှဆင်ပစ္စည်းများအဖြစ် ယွန်းထည်ပစ္စည်းများကိုသာထားကြရာ ထိုပစ္စည်းများကို ဝီရဆီက မှာလေ့ရှိကြသည်။ မီးလောင်၍ပြာကျသွားသည့်အလုပ်ရုံကို ကိုယ့်စိတ်တိုင်းကျသေချာပြန်ပြင်ဆောက်ရင်း အရင်ကထက်လည်းပိုအဆင်ပြေခဲ့ကာ မြို့သစ်ဘက်တွင်လည်း ဆိုင်ခန်းတစ်ခုဝယ်၍ ပစ္စည်းအသန့်များကို ပြသရောင်းချနေတာလည်းရှိသည်။ ထိုဆိုင်ကိုတော့ လေးလေးအောင်ကို ဦးစီးခိုင်းထားသည်မို့ အစစအရာရာ လှည့်ကြည့်စရာမလိုဘဲ အဆင်ပြေနေခဲ့သည်။ ထို့အပြင် အလုပ်အတွက်ရော ၊ ကိုယ်သုံးဖို့အတွက်ပါ ကားတစ်စီးလည်း ဝယ်နိုင်ခဲ့သည်။
ဝီရသည် ဟိုတယ်ဝင်းထဲမှ ကားမောင်း၍ထွက်လာပြီးနောက် အရှိန်နှုန်းအနည်းငယ်မြှင့်လျက် လေဆိပ်ကို ဦးတည်၍မောင်းလာခဲ့သည်။ နာရီကြည့်မိသောအခါ နေ့လယ်နှစ်နာရီထိုးနေပြီဖြစ်သည်။ နွေရာသီဆိုလျှင် နေကျဲကျဲတောက်ပူနေမည့်အချိန်ဖြစ်သော်လည်း ဒီရက်ပိုင်းတွင် ပုဂံရော ၊ မန္တလေးမှာပါ မိုးရွာလေ့ရှိသဖြင့် ယခုတွင်လည်း တိမ်လိပ်များက တရိပ်ရိပ်တက်လာကာ မကြာမီ မိုးရွာတော့မည်ဆိုတာကို နိမိတ်ပြနေလေသည်။ မောင်းနေရင်းဖြင့် မီးပွိုင့်တစ်ခုအရောက်တွင် ကားများပိတ်နေသောကြောင့် ဝီရမှာ အနည်းငယ်စိတ်ရှုပ်သွားရသည်။ အမှန်တော့ သူ့စိတ်ကသာ လောနေခြင်းဖြစ်သည်။ လေဆိပ်ကို သုံးနာရီအမှီရောက်မှရမည်ဖြစ်သောကြောင့် ပုဂံကနေ စောစောထွက်လာခဲ့သော်လည်း ခုနက ဟိုတယ်တွင် ကိုကြည်ဦး လေကြောကမပြတ်သေးသဖြင့် တော်တော်လေးအချိန်ပေးလိုက်ရသည်။
YOU ARE READING
မှန်လေးတစ်ချပ် ခြားထားသလို
General Fictionနှစ်ရှည်ကြာစွာ ဆက်၍ရေးချင်မိတဲ့ ပန်းချီကားငယ်... အဆုံးမသတ်ချင်မိတဲ့ ဒိုင်ယာရီတစ်ပုဒ်... ဖြတ်မျဉ်းနှစ်ကြောင်းရဲ့ အညိုရောင်မျှော်လင့်ချက်လေး... နောက်ပြီး အမျိုးသားနှစ်ဦးကြားက ကာဆီးထားတဲ့ မှန်လေးတစ်ချပ်... ဒီလိုနဲ့ပဲ နီးနေရင်းကနေ ဆွေး... - Yoon Yeik -