( Unicode )
အမြန်လမ်းမကြီး၏ တစ်နေရာတွင်ဖြစ်သည်။ ညသည် မှောင်သထက်မှောင်လာခဲ့သကဲ့သို့ ပတ်ဝန်းကျင်မှာလည်းအလွန်ပင် တိတ်ဆိတ်နေခဲ့သည်။ ညပိုးကောင်များ၏ အသံကိုပင်မကြားရ။ မြို့ပြင်ဘက်မို့ လယ်ကွင်းတွေသာရှိတာကြောင့် အအေးဒဏ်ကလည်း ပိုပို၍ဆိုးလာသည်။ ဤမျှမကသေးဘဲ လမ်းမပေါ်တွင်လည်း ကားတစ်စီးကိုမျှမတွေ့ရပေ။ မြူမှိုင်းသည် ကျောတွင်လွယ်ထားသည့် ကျောပိုးအိတ်ကြိုးကိုကိုင်လျက် ကားလမ်းဆီကို မျှော်ကြည့်နေမိသည်။
လမ်းဘေးတစ်ဖက်ကို ပြန်ငဲ့ကြည့်မိသောအခါ ကိုကိုက ကျောက်တုံးတစ်ခုကို ခုထိုင်လျက်ရှိနေသည်။ ကိုကိုလည်းပဲ ကျောပိုးအိတ်လေးတစ်လုံးသာလွယ်ထားကာ ဝတ်ထားသည့် တီရှပ်မိုးပြာရောင်လေးသည် မြူမှိုင်းစိတ်ထဲ ပါးသည်ဟုထင်မိသည်။ ထို့ကြောင့် ဤအအေးဒဏ်ကို ကိုကိုခံနိုင်ပါ့မလားဟုစိတ်ထင့်ကာ စိုးရိမ်မှုတစ်ခုဝင်လာသည်။ ထို့ကြောင့် လွယ်ထားသည့် ကျောပိုးအိတ်ကို ချလိုက်ကာ မြူမှိုင်းဝတ်ထားသည့် အပေါ်ထပ်အနွေးထည်အပါးလေးကိုချွတ်၍ ကိုကို့ကို ခြုံပေးလိုက်တော့ ကိုကိုက မော့ကြည့်လာသည်။
" ကျွန်တော် အအေးကြိုက်လို့ပါ "
အလိမ်အညာမှန်းသိသော်လည်း ကိုကိုက ဘာမှအထွန့်တက်မလာ။ ကိုကိုငြင်းလည်း မြူမှိုင်းက မရမက ထပ်ပြီးအင်္ကျီပေးဦးမည်ဆိုတာ ကိုကိုသိနေတာကြောင့်ဖြစ်သည်။
ဤအခြေအနေဖြစ်လာရန်အတွက် ကိုကို မည်မျှပင် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရသည်ဆိုသည်ကို မြူမှိုင်းသိသည်။ ကိုကို့အမေက မမူယာကြွယ်နှင့် အတင်း လက်ထပ်ခိုင်းကာ ကိုကိုမသိဘဲနှင့် ဖိတ်စာတို့ပင် ရိုက်လိုက်ကြသည်။ ထိုဖိတ်စာထဲတွင် မင်္ဂလာနေ့ရက်ဟာ မနက်ဖြန်ဖြစ်သည်။ သို့သော် ယနေ့ညတွင် ကိုကိုက ကျောပိုးအိတ်တစ်လုံးတည်းသာယူ၍ မြူမှိုင်းနှင့်အတူတူ ရှိနေခဲ့သည်။ မိဘများကို မလွန်ဆန်တတ်ခဲ့သော မြူမှိုင်းအမျိုးသားလေးသည် ဤအခြေအနေထိရောက်အောင်လျှောက်လာခဲ့သည်။ အမေနှင့်အချေအတင် စကားများလိုက်ရတုန်းကပင် အဖျားပါဝင်သွားခဲ့သည့်လူက အခုတစ်ခါတော့ဖြင့် လုံးဝဆန့်ကျင်၍ အိမ်နဲ့ဝေးရာကို ထွက်ပြေးခဲ့တာမဟုတ်လား။
YOU ARE READING
မှန်လေးတစ်ချပ် ခြားထားသလို
Ficção Geralနှစ်ရှည်ကြာစွာ ဆက်၍ရေးချင်မိတဲ့ ပန်းချီကားငယ်... အဆုံးမသတ်ချင်မိတဲ့ ဒိုင်ယာရီတစ်ပုဒ်... ဖြတ်မျဉ်းနှစ်ကြောင်းရဲ့ အညိုရောင်မျှော်လင့်ချက်လေး... နောက်ပြီး အမျိုးသားနှစ်ဦးကြားက ကာဆီးထားတဲ့ မှန်လေးတစ်ချပ်... ဒီလိုနဲ့ပဲ နီးနေရင်းကနေ ဆွေး... - Yoon Yeik -