" ညီမက အစ်ကိုမှိုင်းမြေ့ရဲ့ချစ်သူကောင်မလေးပါ "
ဤအနေခက်ဖွယ်ရာ အခိုက်အတန့်ကြီးအား မည်ကဲ့သို့ဖြေရှင်းရမည်လဲဆိုတာကို မစဉ်းစားနိုင်တော့ဘဲ မှိုင်းမြေ့အံ့ဩ၍သာကြည့်နေမိသည်။ ကျောင်းမှာရှိစဉ်တုန်းက မုန့်ပင်လာမပို့ရဲ၍ လင်းဇော်ဦးကိုပို့ခိုင်းသည့်သက်ထားခင်က ဘယ်ကမ္ဘာဆီရောက်သွားပြီး ယခုလိုပြောရဲဆိုရဲရပ်ကွက်ကသက်ထားခင်က မျက်စိရှေ့ရောက်လာရတာလဲ။
" ဩ...ချစ်သူကောင်မလေးလား "
ကိုဝီက သက်ထားခင်၏စကားကို သံယောင်လိုက်ရင်းပြောလာသည်မို့ မှိုင်းမြေ့မှာ ချွေးစေးတို့ပိုပြန်လာရသည်။ ဒါကဘယ်လိုတောင် ရှင်းပြဖို့ခက်တဲ့အခြေအနေကြီးလဲ။ ငြိမ်ခံနေလျှင်လည်း ကိုဝီက အထင်လွဲဦးမည်ဖြစ်ကာ ပစ်ပစ်ခါခါငြင်းလိုက်ပြန်လျှင်လည်း သက်ထားခင်က စိတ်ဒဏ်ရာရဦးမည်။
" ဒါပေမယ့် ဒီမျက်နှာက ချစ်သူကောင်မလေးကိုတွေ့လိုက်ရလို့ ပျော်သွားတဲ့မျက်နှာမျိုးတော့ မဟုတ်ဘူးထင်တာပဲ "
ကိုဝီက မှိုင်းမြေ့၏မျက်နှာကိုလက်ညှိုးထိုးပြရင်း ပြောလိုက်သည့်အခါ သက်ထားခင်၏အမူအယာက မှုန်ကုပ်သွား၏။ မှိုင်းမြေ့မှာ ကိုဝီ့ကိုလည်းကြည့်ရင်း သက်ထားခင်အနောက်က ဝတ်စုံအနက်နှင့်လူကိုလည်းကြည့်ရသေးသည်။ တောင့်တောင့်တင်းတင်းခန္ဓာကိုယ်ဖြင့် ထိုလူက မှိုင်းမြေ့တို့ဘက်ကို မျက်မှောင်ကျုတ်၍ကြည့်နေသည်။ သူ့အလုပ်ရှင်မျက်နှာပျက်လျှင် ဒီဘက်ကိုပြေးဝင်လာဖို့အတွက် ရာခိုင်နှုန်းမှာ ၁၀၀ တွင် ၁၀၁ လောက်ရှိနေ၏။
" အခုတော့ မဟုတ်သေးပေမယ့် နောက်ကျရင် ဖြစ်လာမှာပဲလေ "
ထပ်ပြောလာသော သက်ထားခင်၏စကားနောက်တွင် မှိုင်းမြေ့ပြန်ပြောဖို့ပြင်ရတော့သည်။ မပြောလို့လည်းမရ ၊ မဟုတ်လျှင်ပို၍ရှုပ်ကုန်တော့မည်။
" ဒီမှာ ညီမ... "
စကားပင်မဆုံးလိုက်သေးခင် ကိုဝီက မှိုင်းမြေ့၏ လက်ဖဝါးကိုဆွဲကိုင်၍ သူ့အနောက်သို့ပို့ကာ သူက မှိုင်းမြေ့ရှေ့တွင်ရပ်ပြီး သက်ထားခင်နှင့်မျက်နှာချင်းဆိုင်သည်။ ကိုဝီ့လုပ်ပုံကြောင့် မှိုင်းမြေ့မှာ ပြဿနာဖြေရှင်းဖို့ကြိုးစားနေရင်းကြားထဲကနေ ရင်တဒိတ်ဒိတ်ခုန်လာရသည်။ ပုံမှန်ဆို ကိုဝီက အခုလောက်ထိ အကဲမဆတ်တတ်သော်လည်း ယခုမှဘာလို့များအကဲဆတ်နေရပါသနည်း။
YOU ARE READING
မှန်လေးတစ်ချပ် ခြားထားသလို
Ficción Generalနှစ်ရှည်ကြာစွာ ဆက်၍ရေးချင်မိတဲ့ ပန်းချီကားငယ်... အဆုံးမသတ်ချင်မိတဲ့ ဒိုင်ယာရီတစ်ပုဒ်... ဖြတ်မျဉ်းနှစ်ကြောင်းရဲ့ အညိုရောင်မျှော်လင့်ချက်လေး... နောက်ပြီး အမျိုးသားနှစ်ဦးကြားက ကာဆီးထားတဲ့ မှန်လေးတစ်ချပ်... ဒီလိုနဲ့ပဲ နီးနေရင်းကနေ ဆွေး... - Yoon Yeik -
