"ဟုတ်ကဲ့အမေ။အမေလည်းကျန်းမာရေးဂရုစိုက်နော်။"
"....."
"အဲ့တာဆိုဒါပဲနော်အမေ။"
ရှိုင်း အမေ့ဆီကဖုန်းချပြီး အခမ်းအနားကျင်းပရာဘုရားအာရုံခံတန်ဆောင်းဆီသို့တန်းမသွားဖြစ်။ဘုရားပေါ်မှာ ခဏရပ်နေမိ၏။
ဒီနေ့ ရှိုင်းနဲ့မာန်ရဲ့လပ်ထပ်မင်္ဂလာဆွမ်းကျွေးပွဲလို့ပြောရမည်။ဘုန်းကြီးကျောင်းတစ်ကျောင်းမှာအသိတစ်ချို့နဲ့အကျဥ်းရုံးကျင်းပသည့်ပွဲလေးဖြစ်တယ်။ဒေါ်မြတ်ချယ်က ရှိုင်း၏တောင်းပန်မှုကြောင့် ခွင့်ပြုပေးခဲ့ပေမယ့် ဒီပွဲကိုတော့မနေ။ရွာကိုသာတန်းပြန်သွားသည်။ချစ်ရတဲ့သူတွေစုံလင်စွာရှိမနေတဲ့ဒီပွဲလေးက ရှိုင်းကိုလည်းပျော်ရွှင်ခြင်းတွေမပေးပါ။တောက်လျှောက်လုံးဟန်လုပ်ပြုံးနေရတဲ့ရှိုင်း ပင်ပန်းလာတာနဲ့အမေ့ဆီဖုန်းပြောခဏဆိုပြီးရှောင်ထွက်ခဲ့၏။
"ညီ။"
"ကိုခန့်။"
ရှိုင်းကိုနှုတ်ဆက်ပြီးအနားရောက်လာသူကို ရှိုင်းပြန်နှုတ်ဆက်လိုက်ပေမယ့်နောက်ထပ်စကားတော့ထွက်မလာမိ။ကိုခန့်က နားလည်ပေးပြီး မင်္ဂလာပွဲတောင်တက်ရောက်ပေးပေမယ့် အမှားလုပ်ခဲ့သူရှိုင်းကတော့လိပ်ပြာမလုံပေ။
"မပျော်ဘူးလား။"
"ကိုခန့်အဲ့လိုလာမမေးပါနဲ့။"
ဘာလို့လဲဆိုတဲ့သဘောနဲ့ ခန့်ကရှိုင်းကိုကြည့်လာတော့
"အမှားလုပ်ခဲ့တဲ့ကျွန်တော်က ကိုခန့်အဲ့လိုကျွန်တော့်ကိုဂရုစိုက်ပေးတိုင်းပိုအပြစ်ကြီးသွားသလိုခံစားရတယ်။"
ရှိုင်းရဲ့စကားကြောင့် ခန့်က ရှိုင်းကိုကြည့်နေရာမှ ဘုရားအုတ်တံတိုင်းပေါ်လက်တင်ပြီး ဘုရားအောက်သို့အကြည့်ရွှေ့လိုက်သည်။တစ်ခုခုကိုပြောဖို့အားယူနေသလိုမျိုး။
"ကိုခန့်တို့စတွဲတုန်းကပြောခဲ့တာမှတ်မိသေးလား။ကိုခန့်တို့တွဲရင်းနဲ့အချစ်ကိုရှာကြည့်ချင်တယ်လို့။"
ရှိုင်းကမှတ်မိကြောင်းခေါင်းငြိမ့်ပြလေသည်။
"ကိုခန့်တို့တွဲတဲ့တစ်လျှောက်လုံးသံယောဇဥ်တွေပဲရှိခဲ့တာ။အချစ်ကရှိမလာသေးဘူး။အဲ့လိုပြောလို့ ညီ့ကိုအပျော်တွဲတာလားဆိုတော့မဟုတ်ဘူးနော်။ကိုခန့် ညီ့ကိုတကယ်လက်ထပ်ချင်ခဲ့တာပါ။ညီကသာ ကိုခန့်ရင်ထဲတချို့သောဒဏ်ရာတွေကိုကုစားပေးခဲ့တဲ့ တစ်ဦးတည်းသောသူပါ။အခုလိုလာပြောပြတာ ကိုခန့်မရတော့လို့ မလိုချင်ကြောင်းလာပြောသလိုများဖြစ်နေမလားမသိဘူး။ကိုခန့်အတွက် ညီ့လိုလက်တွဲဖော်မျိုးကိုဆုံးရှုံးရတာ စိတ်မကောင်းပေမယ့် ညီ့ကိုစိတ်သန့်သန့်နဲ့ပျော်စေချင်တယ်။ကိုခန့်တို့က ရေစက်မပါလို့မပေါင်းဖက်ရတာလို့ ကိုခန့်ကတော့မှတ်တယ်။"
YOU ARE READING
ငယ်နိုင်
Romanceတစ်ဘဝလုံးစာအတွက်အနိုင်ယူပါ တစ္ဘဝလုံးစာအတြက္အႏိုင္ယူပါ Photo From Pinterest