25(Uni)

432 9 0
                                    

"အအေးမိမယ်နော်"

"အအေးမိရင် ကိုကြီးရှိုင်းကဆေးတိုက်မှာ။"

ယာယီကျောင်းဆောင်ထဲက လှမ်းအော်သောမာန့်ကို ရှိုင်းဆီက ဘောလုံးလိုက်လုနေတဲ့ထူး ထူးက မပီကလားပီကလားနဲ့ပြန်ပြောလေသည်။ကလေးတွေကိုဘောလုံးမပေးရအောင်ခြေထဲမှာဂရုတစိုက်ထိန်းနေရတဲ့ ရှိုင်းကတော့ရယ်၍သာနေသည်။ရှိုင်းက ဒီရွာမှာဆေးလေးအနည်းအကျဥ်းကုပေးနေတော့ ကလေးတွေအတွက် အထင်ကြီးအားကိုးစရာဖြစ်နေ၏။

ပြောမရတာနဲ့ မာန်လည်းကြည့်လက်စဇာတ်ကားကိုပြန်ကြည့်နေ၏။မနက်ကတည်းက မိုးလေးကတဖွဲဖွဲနဲ့။မာန်တို့တောင် အလုပ်မလုပ်ရပါ။အလုပ်သမားတစ်စုကတော့ ရွာထဲကအိမ်မှာကြက်သားချက်စားဖို့သွားလေတယ်။ကျောင်းမှာ မာန်နဲ့ရှိုင်းပဲကျန်နေခဲ့၏။ရှိုင်းက ငယ်ငယ်ကတည်းက အသားငါးဆို ပံ့သကူသားလောက်ပဲစားတာ။ဒါမျိုးတွေမစားတော့ လိုက်မသွားဖြစ်။နှစ်ယောက်တည်းရှိတာကို ရှိုင်းက ကလေးတွေနဲ့အဖွဲ့ကျနေတော့ မာန်တစ်ယောက်တည်းပျင်းနေ၏။အစက သူတို့ဘောလုံးကန်တာကို ထိုင်ကြည့်နေသေးတယ်။ကြာလာတော့ ပျင်းတာနဲ့ ဖုန်းထဲက အိန္ဒိယရုပ်ရှင်ကားတွေကြည့်နေလိုက်တယ်။ဒီဇာတ်ကားတွေက ရှိုင်းကြည့်ရအောင်ကူးပေးထားတာ။ဇာတ်ကားကြည့်တာဝါသနာမပါတဲ့ရှိုင်းက ဟုတ်တိပတ်တိကြည့်တယ်ကိုမရှိ။ခဏလောက်ဖွင့်ကြည့်ပြီး ကျော်ကြည့်တာများ၏။နောက်ပြီးလုပ်သေးတာ။ဇာတ်ကားတွေက ဘာတွေမှန်းမသိဘူးတဲ့။ဒီလောက်ကျော်ခွကြည့်တာ ဘယ်လိုလုပ်နားလည်မလဲ။ရောက်ခါစက တစ်ယောက်တည်းဆိုတော့ ပျော်ပါ့မလားစိတ်ပူနေတာ။ခေါ်လာကတည်းက မပျော်ရင် ပြန်ပို့ပေးမယ်ဆိုတဲ့စကားခံနဲ့ဆိုတော့ စိုးရိမ်ရတာပေါ့။အခုတော့ ပျော်လွန်းလို့ အပြန်တောင်ပြန်ခေါ်လို့ရပါ့မလားမသိ။

"ကိုကြီးရှိုင်းကတော်လိုက်တာ။သားတို့တဖွဲ့လုံးတောင် ကိုကြီးဆီကဘောလုံးကိုမရဘူး။"

"ဒါတောင် ကလေးတွေမလို့ မင်းတို့ကိုညှာထားတာ။"

ယာယီကျောင်းဆောင်တံစက်မြိတ်အောက်တွင် ဘောလုံးသမားတစ်သိုက်က ထိုင်နားရင်းစကားလက်ဆုံကျနေ၏။သူတို့နောက်ကကွပ်ပျစ်ပေါ်မှာဝမ်းလျားမှောက်၍ ဇာတ်ကားကြည့်နေတဲ့မာန်က နားမထောင်လည်း ထိုစကားဝိုင်းမှစကားများကိုအတိုင်းသားကြားနေရ၏။

ငယ်နိုင်Where stories live. Discover now