1(Uni)

1.6K 42 0
                                    

"အဒေါ်ရယ် သမီးတောင်းပန်ပါတယ်။"

ဒေါ်မြတ်ချယ်တစ်ယောက် ရှေ့မှရှိခိုးမတက်
တောင်းပန်နေသော ကလေးမလေးကိုကြည့်ပြီးတွေဝေနေမိ၏။ပုခက်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောကလေးငယ်များကိုလည်းတစ်ချက်ကြည့်ပြီး သက်ပြင်းချမိသွားသည်။

ဒီကလေးမလေးက ဒေါ်မြတ်ချယ်နဲ့ ဆေးရုံတစ်ခန်းထဲအတူကျပြီး ဒေါ်မြတ်ချယ်၏သားလေးနဲ့ တစ်ရက်တည်းသားဦးလေးကို မွေးဖွားခဲ့သူဖြစ်တယ်။ကလေးမလေးက နို့ရည်မထွက်သဖြင့် ဒေါ်မြတ်ချယ်ကပဲ သူ(မ)၏သားနဲ့အတူ နို့ရည်တိုက်ကျွေးပေးခဲ့ရသည်။ဆေးရုံစောင့်မပါ တစ်ဦးတည်းဖြစ်နေသည့်ကလေးမလေးကို ဒေါ်မြတ်ချယ်ကပဲလိုအပ်သည်များ အစစအရာရာကူညီပေးရင်း နှစ်ဦးသားရင်းနှီးသွားပြီး ကလေးမလေး၏အကြောင်းစုံသိခွင့်ရသည်။ကလေးမလေးက ကလေးကို ဖအေမပေါ်ဘဲမွေးရတာဖြစ်၏။ဒါကြောင့်လည်း ဘယ်သူမှမသိနိုင်လောက်တဲ့ နယ်မြို့လေးမှာ တိတ်တိတ်လေးလာမွေးတာဖြစ်၏။

ဖခင်ဖြစ်သူက လူမဆန်စွာ တာဝန်မယူဘဲပစ်သွားပေမယ့်ကလေးမလေးကတော့ အပြစ်မဲ့တဲ့ကလေးကို သတ်မပစ်ရက်ပုံ။သူ့နည်းသူ့ဟန်နဲ့ရအောင်မွေးဖွားခဲ့ပေမယ့် အညွှန်တလူလူတက်နေသည့်သူ့ဘဝအနာဂတ်ကို ဒီကလေးအတွက်နဲ့ အညွန့်မချိုးရက်ဖြစ်နေ၏။ ဒီလိုနဲ့ကလေးကိုစွန့်ပစ်ဖို့ဖြစ်လာတော့လည်း ပစ်စလက်ခတ်မထားခဲ့နိုင်။ရိုးသားလှတဲ့ ဒေါ်မြတ်ချယ်ဆီမှာ ထားခဲ့ချင်ဟန်။

ဒေါ်မြတ်ချယ်အတွက်ကလည်း ကလေးတစ်ယောက်အတွက်တောင်မနည်းရုန်းကန်ရမယ့်ဘဝကြီးမှာ နှစ်ယောက်စာအတွက် တာဝန်မယူရဲဘဲဖြစ်နေ၏။

"ဒီပုံစံအတိုင်းပြန်သွားရင် အဖေသတ်လို့နှစ်ယောက်လုံးသေမှာ။သမီးအတွက် တကယ်ကိုမဖြစ်တဲ့အခြေအနေမလို့ ကူညီပါနော်။ကလေးအတွက် အဒေါ်ကပဲ အဆင်ပြေဆုံးမလို့ပါ။"

"ငါတို့ဘဝတွေက ကလေးမ ညည်းထင်သလောက်မလွယ်ဘူးအေ။"

"အဒေါ့်ကို သမီးယုံတယ်။အဒေါ်က ထမင်းရည်သောက်ရတဲ့ဘဝရောက်ရင်တောင် ကလေးကို ထမင်းရည်ထဲကထမင်းစေ့ရှာပြီးကျွေးမယ့်လူမျိုးဆိုတာ သမီးယုံတယ်။နောက်ပြီး ကလေးကို သမီးနဲ့အတူခေါ်သွားပြီး နှစ်ယောက်လုံးလမ်းပေါ်ရောက်ရမယ့်ဘဝထက်စာရင် အဒေါ့်ဆီကပိုလုံခြုံပါတယ်။"

ငယ်နိုင်Where stories live. Discover now