Unicode
Chapter (38) နာမည်ကြီးရေပန်းစားနေသတဲ့
မဒမ်ရှဲ့က ဒေါသတွေထွက်ပြီး ဖုန်းချသွားတယ်၊ ရှောင်ယွီကတော့ သူမ ယုံချင်ယုံ မယုံရင်လည်း ဂရုစိုက်မနေပါဘူး၊ သူမအတွက် ရှောင်ယွီ့မှာ ပေးစရာအချိန်ရှိမနေဘူးလေ။
ခဏကြာပြီးနောက်မှာ ရှောင်ယွီ့ဖုန်းက ထပ်မြည်လာပြန်တယ်၊ ရှောင်ယွီက အသက်တစ်ချက် ခပ်ပြင်းပြင်းရှူသွင်းလိုက်တယ်၊ ကျွန်မကို အစာလေးတောင် ကောင်းကောင်းစားခွင့်မပေးနိုင်ဘူးလားရှင်!
သူမက ဖုန်းကိုကိုင်လိုက်ပြီး မေးလိုက်တယ်: “မဒမ်ရှဲ့၊ ရှင် ကျွန်မနဲ့ တကယ်ကြီး ရန်ဖြစ်ချင်နေတာလား?”
တစ်ဖက်က ခဏမျှ အသံတိတ်သွားပြီးနောက် မေးလိုက်တယ်: “ရှောင်ယွီလား?”
အသံက ရှောင်ယွီနှင့် ရင်းနှီးနေပုံပဲ၊ သူမ ခဏတွေးကြည့်ပြီးတော့ မရေမရာနှင့် မေးလိုက်တယ်: “ဆရာဝိန့်လား?”
ဆရာဝိန့်: “အင်း၊ မင်း သင်တန်းမလာတာ နှစ်လတောင်ရှိပြီ၊ အရင်လတုန်းက ဖုန်းခေါ်လို့လည်းမရလို့လေ။ မင်း သင်တန်းကို လာဦးမှာလား?”
ရှောင်ယွီက အချိန်ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်တယ်: “ဟင့်အင်း”
ဝိန့်ချိန်ပင်းက ကြောင်အသွားတယ်: “သင်တန်းခက ဈေးကြီးတယ်ထင်ရင် ငါ မင်းကို ဈေးလျှော့ပေးနိုင်ပါတယ်။ မင်းက စန္ဒယားအပေါ် အရမ်းစိတ်အားထက်သန်တယ်လေ၊ မင်း လက်လျှော့လိုက်ရင် အလဟဿဖြစ်သွားလိမ့်မယ်နော်”
ဝိန့်ချိန်ပင်းက အသက်လေးဆယ်အရွယ်လူလတ်ပိုင်းအမျိုးသားတစ်ယောက်ပါ၊ သူက တက္ကသိုလ်တစ်ခုရဲ့ စန္ဒယားပါမောက္ခတစ်ယောက်ဖြစ်ခဲ့တယ်။ သူက တရုတ်ရိုးရာဝတ်ဆုံခပ်ပွပွ အမြဲဝတ်လေ့ရှိတယ်၊ သိမ်မွေ့ပြီး အမူအကျင့်ကောင်းတွေလည်း ရှိတယ်။
အရိုးသားဆုံးပြောရရင် သူက အသက်လေးဆယ်ပဲရှိသေးပေမဲ့ သူ့ကို လေးစားကြတဲ့သူတွေ အများကြီးရှိတယ်။
သူသင်ပေးလိုက်တဲ့ကျောင်းသားအများစုက စန္ဒယားနယ်ပယ်ထဲကို အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့ကြတယ်။ သူက စန္ဒယားအပေါ် အရမ်းမြတ်နိုးပြီး ပါရမီက အဓိကဆိုတာကို မယုံကြည်ဘူး။ ရှောင်ယွီ့ရဲ့စန္ဒယားတီးစွမ်းရည်က သာမန်ဆိုပေမဲ့ သူက သူမအပေါ် လက်မလျှော့သေးဘဲ တစ်ပါတ်စာ အတန်းရှစ်တန်းအတွက် ယွမ်တစ်ထောင်ပဲ ယူတယ်။ ပျမ်းမျှဆို တစ်တန်းကို ယွမ်တစ်ရာပဲ ကျတယ်၊ စဉ်းစားကြည့်ရင် တော်တော်ဈေးသက်သာတယ်ဆိုရမယ်။
အလေ့အကျင့်က ပြီးပြည့်စုံခြင်းကို ဖန်တီးတယ်လို့ သူ ခိုင်ခိုင်မာမာ ယုံကြည်တယ်၊ ရှောင်ယွီ ကြိုးကြိုးစားစားလေ့ကျင့်တာကို ကြည့်ပြီး သူမအပေါ်မှာ ယုံကြည်ထားခဲ့တယ်။
ကံအားမသင့်စွာနှင့်ပဲ ရှောင်ယွီက သူနှင့်အတူ တစ်နှစ်လုံး သင်ခဲ့ပေမဲ့ စန္ဒယားစွမ်းရည်က ပိုပြီး ကျွမ်းကျင်လာခဲ့ပေမဲ့ ကြီးကြီးမားမားတိုးတက်တာမျိုး မရှိခဲ့ပါဘူး။
“တောင်းပန်ပါတယ် ဆရာ၊ ကျွန်မမှာ ကိစ္စတစ်ခုပေါ်လာလို့ အတန်းဆက်တက်ဖို့မဖြစ်နိုင်တော့လိုပါ”ဟု ရှောင်ယွီက ပြန်ဖြေလိုက်တယ်။
ဝိန့်ချိန်ပင်းက သက်ပြင်းချလိုက်တယ်: “အာ၊ ဟုတ်ပါပြီ။ ကြည့်ရတာ နည်းလမ်းမရှိတော့ဘူးပဲ။ မင်း လွယ်လွယ်နဲ့ လက်မလျှော့လိုက်ဖို့ပဲ မျှော်လင့်ပါတယ်”
သူ့ကို စိတ်ချစေဖို့ ဖျောင်းဖျပြီးနောက်မှာ ရှောင်ယွီက ဖုန်းချလိုက်တယ်။ သူမ ခေါင်းမော့လိုက်တော့ သူမနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကျီရွှမ်က သူမကို စိုက်ကြည့်နေတယ်။ ရှောင်ယွီက ခဏမျှ ကြောင်အသွားပြီးနောက် မေးလိုက်တယ်: “ဘာဖြစ်တာလဲ? ဘာလို့ ကျွန်မကို ကြည့်နေတာလဲ?”
“ဖုန်းခေါ်တာ ဘယ်သူလဲ?” ဟု ကျီရွှမ်က မေးလိုက်တယ်။
ရှောင်ယွီက စိတ်လှုပ်ရှားစွာနှင့် ပြန်ဖြေလိုက်တယ်: “ဘာကိစ္စနဲ့ ရှင်က ဂရုစိုက်နေရတာလဲ?”
ကျီရွှမ် ကြောင်သွားတယ်၊ သူခေါင်းငိုက်စိုက်ချပြီး သူ့ရှေ့က ထမင်းဖြူပန်းကန်လုံးကို ကြည့်နေတယ်: “ငါက ကလေးတွေကိုယ်စား မေးရုံပါ”
ရှောင်ယွီက စကားလမ်းကြောင်းပြောင်းသွားတာကို ထားလိုက်ပြီး ပြောလိုက်တယ်: “ရှင် ရည်းစားအသစ်ရရင်သာ ကျွန်မကို တစ်ခါတည်း အသိပေးစမ်းပါ!”
ကျွန်မ ရီလန်ရာ့နှင့် ထပ်လည်းမတွေ့ချင်တော့ဘူး၊ ရန်လည်းမဖြစ်ချင်တော့ဘူး၊ ဒုက္ခများလွန်းလို့။
ကျီရွှမ်က ခေါင်းငြိမ့်ပြတယ်၊ ရှောင်ယွီက ဆက်ပြောတယ်: “သူက ကျွန်မရဲ့စန္ဒယားဆရာပါ၊ စိတ်ပူမနေပါနဲ့ ၊ သူက အသက်လေးဆယ်တောင်ရှိနေပြီ၊ ကျွန်မကို အဲ့လိုမျိုး စိတ်ဝင်စားနေတာလဲမဟုတ်ရပါဘူး”
ကျီရွှမ်က မဲ့ပြုံးပြုံးလိုက်တယ်: “အဲ့လောက်လည်း သေချာမနေပါနဲ့၊ ယောင်္ကျားတွေက မှန်းရခက်တယ်”
ရှောင်ယွီက စကားဖြတ်ပြောတယ်: “ ရှင်လည်း ကျွန်မအကြောင်း ကောင်းကောင်းမသိသေးပါဘူး! ယောင်္ကျားနေနေ မိန်းမနေနေ ကျွန်မခွင့်ပြုမှ ဇယားစရွှေ့လို့ရမှာ”
ကျီရွှမ်: “…….စားရအောင်ပါ”
ရှောင်ယွီက ခေါင်းငြိမ့်လိုက်တယ်၊ မြေအိုးငါးက နူးညံ့ပြီး အရသာလည်းရှိနေရောပဲ။
ရှောင်ရော့ကွမ်းက လှည့်ကြည့်ပြီး ရှောင်ယွီ့ကို မေးလိုက်တယ်: “မေမေ၊ ဇယားရွှေ့တယ်ဆိုတာ ဘာကြီးလဲ?”
ရှောင်ယွီ: “သားက ငယ်သေးတယ်၊ အသက်ကြီးလာမှ မေမေ့ကို မေးနော်”
ရှောင်ရော့ကွမ်းက ခေါင်းငြိမ့်လိုက်တယ်၊ ပြန်လှည့်ပြီး ကျီယွီနှင့် လေဆက်ပေါနေလိုက်တယ်။
ကျီရွှမ်: “……” သူမအတွက် ကလေးတွေကို ဖြေရှင်းတာက ဘာလို့ ဒီလောက်လွယ်နေရတာလဲ?
မိသားစုလေးယောက် အိမ်ပြန်ရောက်ချိန်မှာ အခန်းတွေအားလုံးက သန့်ရှင်းနေပြီ၊ ရှောင်ယွီက ကလေးတွေကို အမြန် အိပ်ခိုင်းလိုက်တယ်။
သူမ အခန်းကို ပြန်ရောက်တော့ ချိုင်းထောက်ကို ဘေးမှာ ထားလိုက်တယ်၊ စားပွဲဆီကို ဖြည်းဖြည်းချင်း သွားလိုက်တယ်၊ သူမရဲ့လက်ချောင်းလေးတွေက စားပွဲခုံမျက်နှာပြင်ထက်မှာ မရေမရာနှင့် ကခုန်နေတယ်။
သူမ ဝိန့်ချိန်ပင်းကို ငြင်းလိုက်ရတဲ့အကြောင်းပြချက်က ရှင်းရှင်းလေးပါ။ သူမ စန္ဒယားတီးတဲ့ပုံစံက အချိန်တိုအတွင်း ရုတ်တရက်ပြောင်းလဲသွားတော့ သူ အလွယ်တကူ သတိထားမိသွားလိမ့်မယ်။
သူ သတိမထားမိဘူးဆိုရင်တောင် သံသယဖြစ်စေနိုင်မယ့် ဘယ်အကြောင်းတရားကိုမဆို သူမ ရှောင်ချင်တယ်လေ။
သူမ မျက်လုံးမှိတ်ပြီး ပြန်တွေးနေတယ်။ သူမက တစ်ခုတည်းသော ရွှေလက်ချောင်းကိုလည်း သုံးပြီးသွားပြီ၊ နောက်ထပ်ပြောရရင် မှန်ကန်တဲ့လမ်းကို ရှာဖို့အတွက် ဖေဖေရှောင်ရဲ့ သင်ကြားပြသမှုအတိုင်း ပြင်းပြင်းထပ်ထန် လေ့ကျင့်ရုံပဲ တတ်နိုင်တော့တယ်။
အရံအစီအစဉ်လည်းမရှိတော့ဘူး၊ တစ်ခါ ကျရှုံးတာနှင့် သူမ ဘဝဆုံးလိမ့်မယ်။ ကံတရားရဲ့ချီးမြှောက်မှုတွေမှာလည်း ပျော်ရွှင်ခဲ့ဖူးပြီ၊ ကျရှုံးမှုတွေနှင့် ထိခိုက်နာကျင်မှုတွေကိုလည်း ကြုံတွေ့ခဲ့ရပြီးပြီ၊ အချိန်တိုင်းမှာ သူမ သန်သန်မာမာနှင့် ရင်ဆိုင်ဖြတ်ကျော်ခဲ့တယ်။ ဒါတွေက ကျရှုံးတာကို လက်ခံလိုက်ဖို့ ငြင်းဆန်ခဲ့တဲ့ သူမရဲ့ စိတ်ဝိဉာဉ်ကြောင့်ပါပဲ။
သူမက ငြီးငြူနေလည်း အသုံးမဝင်တာကို သိတဲ့အတွက် သူမရဲ့လက်ရှိအခြေအနေကို လွယ်လွယ်ကူကူပဲ လက်ခံလိုက်တယ်။ သူမက ရှေ့ဆက်သွားဖို့ကလွဲပြီး တခြားနည်းလမ်းမရှိဘူးဆိုတာကို သိတဲ့အတွက် အမြဲတမ်း သူမကိုယ်သူမ အားပေးတယ်။
အခု သူမမှာ ပန်းတိုင်နှစ်ခုပဲရှိတယ်။ ပထမတစ်ခုက စန္ဒယားပညာရှင်ဖြစ်လာဖို့နှင့် အသက်ဆက်ရှင်ဖို့။ ဒုတိယက သူမ ကလေးတွေရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ပဲ၊ ဒါမှ သူတို့ အသက်ရှည်ရှည်နေနိုင်မှာ။
နောက်တစ်နေ့ ရှောင်ယွီ မနက်စာစားဖို့ အောက်ထပ်ကို ဆင်းလာချိန်မှာ ကျီရွှမ်က ဖုန်းကိုကိုင်ထားရင်း မျက်မှောင်ကြုတ်နေတာကို သူမ မြင်သွားတယ်။
“ဘာတွေ ကြည့်နေတာလဲ?” ဟု ရှောင်ယွီက မေးလိုက်တယ်။
ကလေးနှစ်ယောက်လုံးက မနက်စာစားပြီးသလောက်ရှိပြီ၊ ကျီရွှမ်က သူ့ဝေစုကို စားပြီးသွားပြီ။ ခုန်းယွီချင်းက အိမ်အကူကို ထမင်းစားပွဲကို သန့်ရှင်းရေးလုပ်ဖို့ ညွှန်ကြားနေတယ်။
ကျီရွှမ်က သူ့ဖုန်းကို အပေါ်အောက်ဆွဲကြည့်ပြီးနောက်မှာ ရှောင်ယွီ့ကို ကြည့်လိုက်တယ်၊ သူက ပြောတယ်: “မင်း....မင်း အင်တာနက်ပေါ်မှာ နာမည်ကြီးနေတယ်!”
“ဘာ?” ရှောင်ယွီက ကြက်သေသေသွားတယ်၊ ငါက နာမည်ကြီးနေတယ်ဟုတ်လား? ငါအရင်ဘဝတုန်းက အရမ်းကြိုးစားတာတောင် နာမည်ကြီးတဲ့Pageမှာ တစ်ခါလေးတောင် ပါဖို့ အခွင့်အရေးမရဖူးဘူးလေ.....
“မင်း ဒီမှာ ရောက်နေတယ်” ကျီရွှမ်က ထပ်ပြောပြန်တယ်။
ရှောင်ယွီက သူမဖုန်းကို အမြန်ထုတ်ပြီး weiboပေါ်က ရေပန်းစားနေတဲ့ခေါင်းစဉ်ကို ကြည့်လိုက်တယ်၊ သူမက အော်မိသွားတယ်: “ဝိုး၊ တကယ်ကြီးပဲဟ!! ကျွန်မက အဆင့်28 မှာတဲ့!!!”
ကျီရွှမ်က ဆွံ့အသွားတယ်: “......မနက်တုန်းက အဆင့်42ပဲရှိသေးတယ်”
ရှောင်ယွီရဲ့မျက်လုံးတွေက တောက်ပနေတယ်: “ကျွန်မ အခု နာမည်ကြီးနေပြီ၊ ကျီရွှမ်ရေ”
ကျီရွှမ်က မျက်မှောင်ကြုတ်လိုက်တယ်၊ သူမခေါင်းကို ခေါက်ပြီး ဆူလိုက်တယ်: “ဒါကို နာမည်ကြီးတယ်လို့ မင်းက ပြောနေတာလား? မင်း ဒါကြီးကို တင်လိုက်တာလား?”
ရှောင်ယွီက ကျိုးကျိုးနွံနွံလေး ပြုံးပြလိုက်ပြီး: “အို၊ လုပ်ပါရှင်၊ ကျွန်မက ဒီအကြောင်းတောင် မသိတာကြီးကို”
ရှောင်ယွီက ဖုန်းဆက်ပွတ်နေပြီး ပြောလိုက်တယ်: “ကျွန်မက ဒီပုံတွေထဲမှာ ဘယ်မှာမှ လှမနေဘူး”
ခုန်းယွီချင်းက ရှောင်ယွီ့ကို နံနက်စာပြင်ပေးပြီး နွားနို့ထည့်ပေးလိုက်တယ်၊ ပြီးနောက် ရှောင်ယွီ့ဖုန်းထဲက သတင်းတွေကို မြင်ပြီး ရုတ်တရက်ကြီး မှုန်တေတေဖြစ်သွားတယ်။
“ဘာတွေပြောနေတာလဲ? ဒါက ဆေးရုံတက်တုန်းက ပုံတွေလေ၊ ဘယ်လိုလုပ် လှနေမှာလဲ?” ကျီရွှမ်က စားပွဲကို ခေါက်ပြီး ရှောင်ယွီ့ကို သတိပေးလိုက်တယ်။
ရှောင်ယွီက ချက်ချင်းပဲ ပြန်ဖြေလိုက်တယ်: “သူတို့က ဓါတ်ပုံတွေကို editလုပ်ထားတာလဲ ဖြစ်နိုင်တာပဲကို! ဒီလူတွေက ကျွန်မ အခြေအနေဆိုးနေတာကို တမင်ရည်ရွက်ချက်ရှိရှိ တင်တာပဲ။ ကျွန်မ အခု အရမ်းစိတ်မပျော်မရွှင်ဖြစ်သွားပြီ”
ကျီရွှမ်း: “........”
“မေ့၊ ဘာတွေ ဖြစ်နေတာလဲ?” ရှောင်ရော့ကွမ်းက မော့ကြည့်ပြီး မေးလိုက်တယ်။
ရှောင်ယွီက ချက်ချင်းပဲ သားလေးကို သတင်းပြလိုက်တယ်: “ဒါတွေကို ကြည့်ပါဦး၊ မေမေတို့ကို တစ်ယောက်ယောက်က ပုံတွေတိတ်တိတ်လေး ခိုးရိုက်ထားတယ်”
ရှောင်ရော့ကွမ်းက သူ့ကိုယ်သူ လက်ညှိုးထိုးပြီး မေးလိုက်တယ်: “အဲ့ဒါ သားလား?”
ရှောင်ယွီက ရှောင်ရော့ကွမ်းခေါင်းလေးကို သာသာလေးပုတ်လိုက်တယ်: “ဟုတ်တယ်၊ အဲ့ဒါသားလေ!” ရှောင်ရော့ကွမ်း လက်ညှိုးထိုးပြတဲ့ပုံလေးမှာ ရော့ကွမ်းက ဆီးအိုးကို ကိုင်ပြီး သန့်စင်ခန်းကို ဖြည်းဖြည်းချင်း သွားနေတယ်။
အပြင်ဘက်မှာ တောက်ပနေတဲ့ နေရောင်ခြည်နှင့် မှောင်မဲပြီး ထိုင်းမိုင်းနေတဲ့ကော်ရစ်ဒါက ကွဲပြားမှုကို ဖြစ်ပေါ်စေတယ်။
ရှောင်ရော့ကွမ်းက ပုံလေးကို ထိပြီး ပြောလိုက်တယ်: “သားက အရမ်း အလုပ်ကြိုးစားခဲ့တာနော်”
ရှောင်ယွီက သူ့ပါးလေးကို နမ်းလိုက်တယ်: “ မေမေ့ရှောင်ကွမ်းလေးက အဲ့ဒီအချိန်တုန်းက အကောင်းဆုံးလုပ်ပေးခဲ့တာပါ”
ကျီယွီက ချက်ချင်းဆိုသလို မျက်နှာတစ်ဖက်လှည့်သွားတယ်၊ သူမရဲ့မျက်လုံးက တစ်ဖျတ်ဖျတ် တောက်ပသွားတယ်၊ မေမေက မောင်လေးကိုပဲ ချီးကျူးတာတော့ မကြိုက်ပါဘူးနော်။
ရှောင်ယွီက ရယ်တယ်: “မေမေ့သမီးလေးကလည်း တော်ပါတယ်နော်”
ရှောင်ရော့ကွမ်းက ပုံတွေကို ကြည့်လိုက်တယ်။ ပထမတစ်ပုံမှာ ရှောင်ယွီက ဆေးရုံကုတင်ပေါ်မှာ လှဲနေတယ်၊ နောက်ပုံတွေမှာ လူပေါင်းစုံက သူတို့ဆီကို လာလည်ကြတယ်၊ ကုတင်အောက်က ဆီးအိုးဆီရောက်အောင် ထိုင်ချလိုက်တဲ့အချိန်မှာ မျက်ရည်တွေကို တိတ်တိတ်လေးခိုးသုတ်နေတဲ့ပုံတစ်ပုံရယ်။ သူမရဲ့ဆေးမှတ်တမ်းပုံတွေလည်း ရှိတယ်။ နောက်ဆုံးကတော့ ရှောင်ရော့ကွမ်းက ဆေးဖိုးရှင်းနေတဲ့ပုံလေးတစ်ပုံပါပဲ။
မှောင်မိုက်နေတဲ့ကော်ရစ်ဒါမှာ ပုံရိပ်သေးသေးလေးက စာရွက်အပိုင်းအချို့ကို ခပ်တင်းတင်း ကိုင်ထားတယ်၊ လူနာတွေရဲ့မိသားစုဝင်အများကြီးက ဆေးဖိုးပေးဖို့ တန်းစီနေကြတယ်။ ဒါပေမဲ့ လူအတန်းလိုက်ကြီးထဲမှာ ရှောင်ရော့ကွမ်းကလွဲလို့ ဘယ်ကလေးမှ မရှိနေတာက တခြားသူတွေရဲ့မျက်လုံးထဲမှာ အားကောင်းတဲ့အမြင်တစ်ခုစွဲထင်ကျန်ရစ်စေတယ်။
“အို့အမေ့၊ ဒီပုံတွေက တကယ်မိုက်တယ်!” ရှောင်ယွီက ပေါင်မုန့်ကင်ကို တစ်ကိုက်ကိုက်ပြီး နွားနို့တစ်ငုံသောက်လိုက်တယ်: “ဒီပုံတွေ ဘယ်သူရိုက်တာလဲ?”
ရှောင်ရော့ကွမ်း: “သားမသိဘူးမေမေ၊ အဲ့တုန်းက သားဘေးမှာ လူတွေကအများကြီးပဲ။ သူတို့က ပုံတွေအများကြီးရိုက်သွားကြတယ်၊ သားကို နွားနို့ဝယ်ပေးဖို့ ပိုက်ဆံပေးသွားကြတယ်။ လူကောင်းတွေကြီးပဲ”
ရှောင်ယွီက webကို ရှာကြည့်လိုက်တယ်၊ သူမရဲ့မတော်တဆမှုက ပြည်တွင်းသတင်းတွေမှာ ကြော်ငြာထားတာကို သူမသိပါတယ်၊ ပြည်တွင်းကလူတော်တော်များများက သူတို့ကို အစာနှင့်ပိုက်ဆံအချို့ ထောက်ပံ့ပေးကြတယ်၊ အချို့အချို့က ပရဟိတလုပ်ပြီ သူမကို ပြုစုပေးကြတယ်။
ဒါပေမဲ့လည်း သတင်းပျောက်ကွယ်သွားတာက အရမ်းမြန်ခဲ့တယ်၊ သိပ်မကြာခင်မှာပဲ လူတိုင်းက တဖြည်းဖြည်းနှင့် သူတို့ကို မေ့ပျောက်သွားခဲ့တယ်။
တကယ်တော့ Weibo postနည်းနည်းမှာပဲ သူမရဲ့ကားအက်စီးဒန့်အကြောင်းနှင့် သူမရဲ့သုံးနှစ်သားကလေးလေးက သူမကို စောင့်ရှောက်နေကြောင်း ဖော်ပြထားကြတယ်။ ဒါပေမဲ့ အဲ့ဒီpostတွေက လူထုရဲ့အာရုံစိုက်မှုကို မရခဲ့ဘူး၊ postအောက်မှာ မှတ်ချက်အချို့ပဲ ရှိတယ်။
မတော်တဆမှုက ဖြစ်ခဲ့တာ အတော်လေးကြာသွားပြီလေ၊ ဘာလို့အခုမှ ပြန်ပေါ်လာရတာလဲ? ပိုအရေးကြီးတဲ့အချက်က ဒီpostတွေအောက်မှာ ဘဏ်အကောင့်နံပါတ်တွေရှိနေတယ်၊ ဒါက ငွေလိမ်စားနေကြတာများလား?
“ကျီရွှမ်၊ သူတို့က ငွေလိမ်စားနေကြတဲ့သူတွေပဲ! သူတို့က ကျွန်မကို ဒီအကြောင်းတောင်မပြောပြကြဘဲနဲ့ကို၊ ကျွန်မ ငွေလဲ ရတာမဟုတ်ဘူး!”
ကျီရွှမ်: “……မင်းက သူတို့ငွေတွေကို တကယ်ကြီး လိုချင်နေတာလား?”
ရှောင်ယွီက အကျယ်ကြီးအော်ရယ်တယ်: “ရှင်ဘာတွေ ပြောနေတာလဲ? ကျွန်မက သူများတွေဆီကထက်စာရင် ရှင့်ဆီကပဲ ယူမှာပေါ့၊ ဒါက ကျွန်မရဲ့မူနဲ့ ဆန့်ကျင်နေတယ်”
ကျီရွှမ်: “ ……မင်းက ဘာလို့ ငါ့ဆီက ပိုက်ဆံကို ယူတာလဲ”
“ကျွန်မက ရှင့်ဆီက ပိုက်ဆံကို ချေးရုံလေးပါနော်! ကျွန်မ ရှင့်အတွက် အကြွေးမှတ်တမ်း ရေးပေးမယ်လေ၊ ကျွန်မမှာ ပိုက်ဆံရှိလာရင် ရှင့်ကို တစ်ခါတည်းပြန်ပေးမှာပါ၊ ဒါပေမဲ့ ရှင် ကျွန်မကို အတိုးမယူရဘူး! ကျွန်မက ရှင့်ရဲ့ဇနီးဟောင်းလေ၊ မဟုတ်ဘူးလား?” ရှောင်ယွီက ထပ်ရယ်ပြီး ပြောပြန်တယ်: “မကောင်းတဲ့အကြံမဟုတ်ဘူးပဲ၊ ကျွန်မက ရှင့်ဆီကနေ ပိုက်ဆံချေးပြီးတော့ ငွေတိုးချေးစားလို့လဲရတာပဲ!”
“တရားဝင်တာမျိုးလေးတစ်ခုခုလောက်နဲ့ စလုပ်ကြည့်ဖို့ စဉ်းစားကြည့်လို့မရဘူးလား? အရင်ဆုံး အင်တာနက်ပေါ်မှာ ပြန့်နေတဲ့ မင်းရဲ့သတင်းတွေကို ကိုင်တွယ်သင့်တယ်နော်၊ ပိုက်ဆံက ငါ့ကို ပြန်ပေးဖို့ မလိုပါဘူး” ဟု ကျီရွှမ်က သူ့ဖုန်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်တယ်။
ရှောင်ယွီက ခေါင်းငြိမ့်ပြလိုက်တယ်၊ သူမက သူမရဲ့ Weibo accountထဲကို logဝင်လိုက်ပြီးနောက် မေးလိုက်တယ် : “ပြီးတော့ ကျွန်မ ဘာဆက်လုပ်ရမလဲ”
“.......သူတို့ကို တင်ပြပြီး publicကို သတင်းတင်ပေလိုက်လေ”
ရှောင်ယွီက ခေါင်းငြိမ့်လိုက်ပြီး ထပ်မေးတယ် : “ကျွန်မရဲ့ identityကို အရင်အတည်ပြုသင့်တယ်မလား?”
ကျီရွှမ်က ခေါင်းငြိမ့်ပြလိုက်တယ်၊ ထို့နောက် ရှောင်ယွီက Weibo accountကို လျှောက်လိုက်တယ်။ သိပ်မကြာပါဘူး၊ ရှောင်ယွီက မျက်ရည်ဝိုင်းနေတဲ့အကြည့်နှင့် ကျီရွှမ့်ကို ကြည့်လာတယ်: “ကျွန်မ ဟုတ်မှန်ကြောင်းသင်္ကေတ“V”ရဖို့ subscriberအယောက်100နဲ့ followersအယောက်100လိုတယ်။ subscriptionလုပ်တာက ပြဿနာမဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်မက followersအယောက် 100 ဘယ်ကနေ ရမှာလဲ? ပြီးတော့ ကျွန်မရဲ့အလုပ်ဆီကနေ ထောက်ခံချက်ကရော ဘယ်လိုလုပ်ရမှာလဲ? ကျွန်မ အလုပ်မရှိတာ လေးနှစ်တောင် ရှိနေပြီကို!”
အရင်ဘဝမှာ ရှောင်ယွီက 18 line မင်းသမီးတစ်ဦးဖြစ်ခဲ့ပြီးတော့ သူမရဲ့ weibo accountကို သူမရဲ့မန်နေဂျာက စီမံပေးခဲ့တယ်။ သူမဘာသာ account လုပ်ဖို့ မလိုခဲ့ဘူး။ ဒါကြောင့် သူမက ကိုယ်ရေးကိုယ်တာအချက်အလက်နှင့် မှတ်ပုံတင်ပြရုံနှင့် ဟုတ်မှန်ကြောင်းသင်္ကေတ“V”ရဖို့က လွယ်တယ်လို့ တွေးထားခဲ့မိတာ။
“ငါတို့ကွာရှင်းပြီးကတည်းက မင်းက အလုပ်မလုပ်ဘူးပေါ့!!” ကျီရွှမ် ထိတ်လန့်သွားခဲ့ပြီ၊ ငွေတွေအကုန်လုံးကို လောင်းကစားလုပ်ရင်း ရှုံးသွားတာများလား? ဝင်ငွေမရှိဘဲ ဘယ်လိုများ ရှင်သန်ခဲ့ပါလိမ့်?
“အို့၊ တစ်ယောက်ချင်းသင်တဲ့ စန္ဒယားဆရာမလုပ်ခဲ့သေးတယ်၊ တစ်နာရီကို ယွမ်180တောင် ရတာ”ရှောင်ယွီက သူမရဲ့လက်ချောင်းလေးတွေကို ရေတွက်ကြည့်လိုက်တယ်: “တစ်လမှာ 18-20 နာရီကြား သင်ရတယ်၊ အဲ့တော့ 3200-3500 လောက်နီးနီး ရတာပေါ့။ ဒါပေမဲ့ ဒါက အချိန်ပိုင်းအလုပ်သက်သက်ပါပဲ၊ ဘယ်လိုလုပ် သက်သေပြပေးလို့ရမှာလဲ?” ရှောင်ယွီက ပေါင်မုန့်နောက်ဆုံးတစ်ကိုက်ကို လက်စသတ်လိုက်တယ်၊ သူမ ကျောင်းသားမိဘတွေကိုပဲ သက်သေခံပေးဖို့ အကူအညီတောင်းလိုက်ရမလား?
“သူတို့ရဲ့ customer serviceကို ဖုန်းခေါ်လိုက်၊ မင်းဟာက အခု အထူးကိစ္စကြီးလေ၊ မင်းအတွက် ဟုတ်မှန်ကြောင်းသင်္ကေတ“V”ရဖို့က အဲ့လောက်ကြီး မခက်လောက်ပါဘူး။ မင်း follower တွေ ဝယ်လို့လဲ ရတယ်မလား?” ဟု ကျီရွှမ်က သိပ်မထူးဆန်းသလို လေသံနှင့် ပြောလိုက်တယ်၊ မင်းမကိုင်တွယ်နိုင်ရင် ငါ အတွင်းရေးမှူးပန်ကိုပဲ မင်းကို ကူညီပေးဖို့ မေးလိုက်ရတော့မှာပဲ။
“followerတွေ ဘယ်လိုဝယ်ရမယ်မှန်းမသိဘူး!” ရှောင်ယွီက ဖန်ခွက်ကို စားပွဲပေါ်ဆောင့်ချလိုက်ပြီး တရားမျှတမှုကို လက်ကိုင်ထားတဲ့လေသံနှင့် ပြောတယ်: “ကျွန်မ ရှင့်ကို ပြောပြပါရစေ၊ ကျွန်မမှာ professional ကျင့်ဝတ်ရှိတယ်ရှင့်! ကျွန်မရဲ့followerတစ်ယောက်ချင်းဆီတိုင်းက အစစ်အမှန်တွေပဲ! အတုလုံးဝမရှိဘူး။ Follower ဝယ်တာမျိုးက ကျွန်မ၊ ရှောင်ယွီအတွက် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး၊ ကျွန်မကို သွေးဆောင်ဖို့ကြိုးစားလည်း အသုံးမဝင်ဘူး”
18 line တစ်ယောက်မှာလည်း ဂုဏ်သိက္ခာရှိတယ်ရှင့်။
ကျီရွှမ်: “……” အဲ့တော့ အခုက ဘယ်လိုလဲ?
******
(TN: Vတို့ 18 Line တို့တော့ ယူတို့လည်း သိကြမယ်ထင်ပါတယ်၊ အကြာကြီးနေမှ ပြန်တင်ပေးရတဲ့အတွက် အားနာပါတယ်၊ အချိန်ရသလို တင်ပေးသွားမှာမို့ စိတ်မပျက်ဘဲ တို့ရဲ့ဘေဘီလေးတွေကို ချစ်ပေးကြပါဦးနော်၊ ရှိသမျှ အင်္ဂလိပ်ဘာသာပြန်တွေရော တရုတ်ဘာသာပြန်တွေရော နားမလည်တဲ့အပိုင်းတွေမှာ တိုက်ထားတာမို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူးအခါသမယပါရှင်~)
VOCÊ ESTÁ LENDO
ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )
RomanceChapters-122chapters Genre-comedy,josei,romance,slice of life I do not own this story. All credits go to original author.