Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၃၂)ထည်ဝါ ပြန်သွားပြီးကတည်းက နှိုင်းတို့ ဘာစကားမှ ထပ်မပြောဖြစ်ကြ။အခန်းသည် လူမရှိသလို တိတ်ဆိတ်အေးစက်နေသည်။တစ်ချက် တစ်ချက် နှိုင်းဆီက စာရွက်လှန်သံကိုပဲ ခြောက်ကပ်ကပ်ကြားရသည်။
ရွှေရုပ်ကတော့ စိတ်ကောက်သူတို့၏ ထုံးစံအတိုင်း ဆိုဖာပေါ်မှာ ခွေခွေခေါက်ခေါက် အိပ်ချင်ယောင်ဆောင်နေသည်။နှိုင်း စကားစဖို့ စဉ်းစားသောလည်း သူက အိပ်နေတော့ ဘယ်ကစ ပြောရမှန်းမသိ။
ဘာကိုစိတ်ကောက်သည်ကို သိသော်လည်း ပွင့်ပွင့်လင်းလင်းမပြော၍ ဘယ်လို ဖြေရှင်းရမှန်းလည်း မသိတော့။ထည်ဝါနှင့်လည်းအတူမပြန်။ခဏနေမှ ပြန်မည် ပြောပြီး ဘာမှလည်း မပြောဘဲ အိပ်နေတော့သည်။နှိုင်း စာအုပ်ကို ပိတ်ပြီး ရွှေရုပ်ကို လှမ်းကြည့်လိုက်သည်။နှိုင်းသာ စကားမပြောရင် သူ ဒီအတိုင်း အိပ်နေတော့မှာ သိ၏။
"အဟမ်း…ဗိုက်ဆာလိုက်တာကွာ…အခုချိန်
အိမ်ထမင်းအိမ်ဟင်းလေး စားလိုက်ရရင် ဘယ်လောက်များ ကောင်းလိမ့်မလဲ"နှိုင်း အသံကြားတော့ အိပ်ချင်ယောင် ဆောင်နေသူက နှုတ်ခမ်းကို ကိုက်ပြီး မျက်လုံးကို အတင်းမှိတ်ပြီး ဆက်အိပ်ချင်ယောင်ဆောင်နေ၏။
"ဘယ်သူမှလည်း ချက်ကျွေးမယ့်သူလဲ မရှိဘူးကွာ…စာဖတ်တာပဲ ကောင်းတယ်"
မချိုမချဉ် ဖြစ်နေသော ရွှေရုပ်ကိုကြည့်ပြီး နှိုင်း မဂ္ဂဇင်းစာအုပ်ကို တဖျတ်ဖျတ်လှန်လိုက်သည်။
"ဟယ်…သတင်းအဆန်းပဲ …ဘာတဲ့ ဘာမှန်းမသိ စိတ်ခဏခဏ ကောက်တတ်သူများကို ဥာဏ်ရည်မမီသူများဟု သတ်မှတ် ဆိုပဲ…"
" စိတ်ခဏခဏ ကောက်တတ်သူများသည် မွေးရာပါ ကြပ်မပြည့်သူများ ဖြစ်ပြီး ပိုလီယိုရောဂါ ဖြစ်ပွားနိုင်ချေများသည်တဲ့ oh my god"
"ရောဂါ လက္ခဏာများမှာ…လက်အကြောကတ်ခြင်း...လက်တုန်ခြင်း…ပစ္စည်း မမြဲခြင်း"
"နှိုင်း နင် တောတော့နော်"
ရွှေရုပ် အိပ်နေရာမှ စိတ်ဆိုးမာန်ဆိုး ကုန်းထပြီး ခေါင်းအုံးနှင့် ကောက်ပေါက်လိုက်သည်။
"တကယ်ပြောတာ…ဒီမှာ…အတိအကျပါတာ…"
"ဘာပါတာလဲ …နင် ငါ့ကို သက်သက်ပြောတာ"
"ဟယ်…ရောဂါလက္ခဏာထဲမှာပါတယ်…ထင်ယောင်ထင်မှားဖြစ်ခြင်းတဲ့"
"နှိုင်း…ငါ လူသတ်ချင်နေတာနော်…"
"စိတ်တိုလွယ်ခြင်းလဲ ပါတယ်"
"တော်တော့ အဲ့စာအုပ်"
ရွှေရုပ် နှိုင်းလက်ထဲက စာအုပ်ကို အတင်းဆွဲလုလိုက်သည်။နှိုင်း မချိုမချဉ် ရုပ်နှင့်
"ဗိုက်ဆာတယ်"
"ဘာမှ မကျွေးဘူး…ငါ စိတ်တိုနေတာနော်…နင့်ကို သိပ်ကြည်တာ မဟုတ်ဘူး"
"သြော်…အဲ့ဒါကြောင့် ငါ့ဖန်ခွက်ခွဲလိုက်တာလား"
"အေးလေ…နင် ဘာလို့ ထည်ဝါနဲ့ တပူးတတွဲတွဲနေသေးလဲ ငါ မကြိုက်ပါဘူး…ကြည့်လိုက်ရင် သမီးရည်းစားကျနေတာပဲ"
"ဟားဟား…အဲ့ဒါ ငါ့ဘက်က နာတာလား…ထည်ဝါ့ဘက်က နာတာလား ပြောပါအုန်း"
နှိုင်းစကားကြောင့် ရွှေရုပ် ခဏ ဆွံ့အသွားသည်။
YOU ARE READING
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Romanceငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။