Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၄၁)
#ဇာတ်သိမ်းပိုင်း
သာယာငြိမ့်ညောင်းသော မင်္ဂလာတေးသီချင်းသံသာများလွှင့်ပျံ့လျက်ရှိသည့် ခန်းမအတွင်းသို့ အဖြူရောင်သတို့သမီးဝတ်စုံနှင့် လှပကျော့ရှင်းစွာလျှောက်လှမ်းလာသော ရွှေရုပ်သွင်ဆိုသည့် သတို့သမီးလေးကို အားလုံးက မှင်သက်ငေးမောနေကြသည်။ရွှေရုပ်သည် ကင်မရာမီးများ တဖျတ်ဖျတ်နှင့်ရိုက်သူရိုက် ပြုံးသူပြုံး ငေးသူငေးနေကြ
သည့် သူများကို တဖြည်းဖြည်းကျော်ပြီး လျှောက်လမ်းတလျှောက် ဖြည်းဖြည်းချင်း လျှောက်လာသည်။ရွှေရုပ်နောက်တွင် သတို့သမီးအရံများ ညီညာစွာ လိုက်လာကြသည်။ရွှေရုပ်ရှေ့တွင်တော့ ချစ်စဖွယ် သမီးငယ်လေးက ပန်းတွေ ကြဲဖြန့်သွား၏။ပန်းခင်းထားသည့်လမ်းလေးသည် လှပခန့်ညားစွာပြင်ဆင်ထားသော မင်္ဂလာစင်မြင့်ဆီသို့ ဖြည်းဖြည်းချင်း ခေါ်ဆောင်သွားသည်။ထိုစင်မြင့်ထက်တွင် ကြည်လင်သော အပြုံးနှင့် ဆီးကြိုနေသည့် ထည်ဝါကိုလည်း တွေ့နေရသည်။
သူ ဒီနေ့လည်း သန့်ပြန့်ချောမောလို့နေပြန်သည်။ အနောက်တိုင်းဝတ်စုံ ဝတ်ထား
သည့် အမျိုးသားများကြားတွင် သူ့အရပ်သည် အနည်းငယ်ရှည်ပြီး ဝတ်စုံနှင့်လည်း လိုက်ဖက်ခန့်ညား၍နေသည်။ရွှေရုပ် သူ့ကို ကြည့်မိတော့ သူက အားပေးသည့် အပြုံးနှင့် ဆီးကြိုပြုံးပြနေသည်။
ထိုအချိန် ရွှေရုပ်ဆီသို့ လက်တစ်ဖက် ကမ်းလင့်လာသည်။ထိုလက်သည် နူးညံ့ပြီး သွယ်လျဖြူဖွေးသည့်လက်မဟုတ်။
လက်အရေပြား အနည်းငယ်ထူ၍ ပန်းရောင်သန်းပြီး နွေးထွေးမည့် လက်မျိုးဖြစ်သည်။
ရွှေရုပ် ထိုလက်ကို မတွဲခင် ကြည်လင်တောက်ပသောအပြုံးနှင့် မျက်တောင်မခတ် ကြည့်နေသော သူ့ကို မော့ကြည့်မိသည်။မိန်းမတစ်ယောက် ဘဝတစ်ခု ပုံအပ်ရမည့် ယောကျာ်းတစ်ယောက်၏ မျက်ဝန်းထဲတွင် တစ်သက်စာ ဖူလုံလောက်သည့် ကြင်နာရိပ်များသန်းနေရမည်။ ကိုယ့်တစ်သက်စာ ယုံကြည်စိတ်ချရမည့် အရည်အချင်းမျိုး သူ့ဥပဓိရုပ်တွင် ရှိနေရမည်။ပြီးနောက် ကိုယ်တစ်သက်လုံး မွှေးကြူရမည့် ပါးပြင်သည် နောက်ကြောင်းရှင်းသည့် အငွေ့အသက်များရှိနေရမည်ဟု စိတ်ထဲတွေးထင်မိသည်။
သူသည် ထိုအချက်များနှင့် ပြည့်စုံသည်ဟု ရွှေရုပ် ထင်မိသည်။ထို့ကြောင့် သူ့လက်ကို နောင်တကင်းကင်းနှင့် ယုံကြည်စွာ တွဲလိုက်သည်။
ထို့နောက် မင်္ဂလာစင်မြင့်ထက်က ကတ္ထီပါ ပိတ်ကားထက်တွင် ရေးထိုးထားသည့်နာမည်လေးကို အသံတိတ်ဖတ်လိုက်မိသည်။
"ကိုသော်စစ်ဟန်+မရွှေရုပ်သွင်"
ထိုနာမည်များကို ရွှေရုပ် စိတ်ထဲက ဖတ်ပြီး စိတ်ထဲကပဲ ပြုံးလိုက်မိသည်။
ဘဝဆိုသည်မှာ ကွက်လပ်တစ်ခုတွင်
ကိုယ်နှင့် အပ်စပ်မည့် လူများကို ထည့်သွင်း အဖြေညှိခြင်းပဲ ဖြစ်မည်ဟုရွှေရုပ်ထင်မိသည်။ကိုသော်စစ်ဟန်သည် ရွှေရုပ်မိဘများ ရွေးချယ်ပေးထားသူဖြစ်သည်။ ရွှေရုပ်ထက် အသက်သုံးနှစ်ကြီးပြီး ကြင်နာတတ်သူဖြစ်၍ ရွှေရုပ်လည်း လက်ခံသဘောတူခဲ့သည်။
တစ်ချို့ကွက်လပ်များကျ တိကျသည့် အဖြေမှန်ကို အသေအချာထည့်၍ ရသည်။တစ်ချို့ကွက်လပ်မှာတော့ မှန်မည်ထင်သည့် အဖြေကိုရွေးထည့်ရသည်။ထိုအတိုင်းပါပဲ။ကိုသော်စစ်ဟန်သည် ရွှေရုပ်ဘဝအတွက်မှန်နိုင်မည်ထင်သည့် အဖြေပဲဟုပဲ ယူဆမိသည်။
အတွေးနှင့် အတူ…ရွှေရုပ် ထည်ဝါရှိရာဘက် မသိမသာလှည့်ကြည့်မိသည်။သူ့ဘဝမှာ ဘယ်တော့မှ ပြည့်မှာမဟုတ်သလို
ဖြည့်၍လည်း မရတော့သည့် ကွက်လပ်သည် ထည်ဝါပဲ ဖြစ်မည်ထင်သည်။
ထည်ဝါဘေးက ကွက်လပ်တစ်ခုတွင် နေရာယူဖို့ အချိန်တစ်ခုထိကြိုးစားခဲ့သေးသည်။သို့သော် ကြိုးစား၍မရနိုင်သော အရာများထဲတွင် အချစ်လည်း ပါသည်။
တည်ကြည်သော သူ့သံယောဇဉ်သည် သူ့အပေါ်တွင်နောက်ဆုံးအချိန်ထိ ဖြူစင်ခဲ့သည်မှာ သေချာသည့်နောက်…
"ငါ နင့်ကို သူငယ်ချင်းလိုပဲ ခင်လို့ရတယ်"ဆိုသည့် စကားကို နာသာခံခက် နားထောင်ခဲ့ရသည်။
"ကျွန်တော်ချစ်တဲ့ မိန်းကလေးကိုပဲ လက်ထပ်ချင်တယ်"ဟု သူ့မိဘတွေကြား ရဲဝံ့စွာ ငြင်းပြီးနောက်…
"ကောင်းပါတယ်…ငါလည်း နင့်ကိုယောကျာ်းလေးလိုမမြင်ဘူး…မိဘတွေကသာ သဘောတူတာ…ငါတို့က ဘယ်လိုလုပ် အကြင်လင်မယားဖြစ်နိုင်မှာလဲ…ရယ်စရာကြီးဖြစ်နေမှာပေါ့"
သူလည်း ထိုစကားဖြင့်ပေါ့ရွှတ်ရွှတ် ငြင်းပစ်ခဲ့သည်။
ရွေးချယ်စရာလမ်းမရှိ၍ ချောက်ထဲခုန်ချခဲ့သူလို…သူ့ဆုံးဖြတ်ချက်က နေဖို့လား သေဖို့လား မသဲကွဲ။ရယ်စရာအဖြစ်ပြောပြီး ရယ်လိုက်မိသော်လည်း ရယ်သံတွေမထွက်။သူရယ်သလား။ငိုသလား။သူ့စိတ်အမှန်က ဘာလဲ ဘယ်သူမှ မရိပ်မိကြ။တိတ်တိတ်လေး မျှော်လင့်ခဲ့သည့် အချစ်သည် ထိုသို့ လူမသိ သူမသိ သေဆုံးခဲ့သည်။
သူ့မိဘများကတော့ သူချစ်သည့်မိန်းကလေးက ဘယ်သူလဲ ဆက်မေးကြသည်။
သူကတော့ မေးစရာမလိုတော့။
လက်ဝှေ့ပွဲနိုင်သည့် နေ့က သူပြောခဲ့သည့် စကားများကို နားနှင့် ဆတ်ဆတ်ကြားပြီးပြီပဲ။
"နှိုင်းအတွက် ငါကြိုးစားထားတာ
ဒီဆုက နှိုင်းအတွက် ...
နှိုင်းမရှိရင် ဒီဆုကြီးပိုက်ပြီး ငါ ဘာလုပ်ရမှာလဲ…ဘာလုပ်ရမှာလဲ"
မျက်ရည်တွေနှင့် ပြောခဲ့သည့် စကားများ နားထဲ ပြန်ကြားယောင်နေမိသည်။ထိုနေ့က သူ့ငိုသံ။သူ့စိတ်။သူ့စကား။နောက်ဆုံး သူ၏ ပြတ်သားသည့် သစ္စာတရားကို ကောင်းစွာ သဘောပေါက်ခဲ့သည်။
"ငါ သူ့ကို တွေ့ချင်တယ်ဟာ…တစ်ခါလောက်ပဲဖြစ်ဖြစ်…သူနဲ့စကားတွေ ပြောချင်တယ်
သူ ဘာဖြစ်ချင်တာလဲ… ငါ အကုန်လုပ်ပေးမယ်…ဒီလိုကြီး ငါမနေချင်ဘူး ရွှေရုပ်ရယ်…
တစ်ခါတလေ ငါ ရူးလောက်အောင် ခံစားရတယ်"
ညှိုးငယ်ဖျော့တော့သွားသည့် သူ့မျက်နှာကို ကြည့်ပြီး စိတ်ထဲ ဆန္ဒတစ်ခုကို မြန်မြန်ဖြည့်ပေးချင်မိသည်။ထို့ကြောင့် အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်၏ မင်္ဂလာပွဲတော့ နှိုင်းလာမှာပါဆိုသည့် စိတ်နှင့် မင်္ဂလာပွဲကို မြန်မြန်စီစဉ်လိုက်ခြင်း ဖြစ်သည်။
လက်ခုပ်သံများကြောင့် ရွှေရုပ် အတွေးများ လွှင့်စင်သွား၏။ဧည့်ပရိတ်သတ်များကြား မျက်လုံးဝေ့ လိုက်ရှာကြည့်မိသည်။ဝေးနေ၍ပဲလားမသိ။နှိုင်းသည့်လူအရိပ်အယောင်တောင် မတွေ့။
သို့သော် စိတ်ထဲကတော့ နှိုင်း လာလိမ့်မည်ဟု တထစ်ချ ယုံကြည်နေမိသည်။
နှိုင်းရေ…ငါ့ကို လက်ဖွဲ့တဲ့အနေနဲ့ ဒီပွဲကို လာပေးပါနော်…ငါ မှန်တယ်လို့ လာပြောစမ်းပါ နှိုင်းရယ်…။
နင့်အကြံဥာဏ်မပါဘဲ ငါဆုံးဖြတ်လိုက်တဲ့အရာကို နင် လာအားပေးစမ်းပါ။
နင့်ဘဝမှာ ငါတို့နှစ်ယောက်က အရေးကြီးဆုံးမဟုတ်လား။ဒါဆို ငါ့ဘဝနဲ့ဆိုင်တဲ့ ပွဲကို နင်လာသင့်တာပေါ့။
နင်သာလာရင်…အားလုံးပျော်ရမှာ နှိုင်း။အဓိက သူပျော်သွားမှာ…။
ငါ သူ့ကို ပျော်စေချင်တယ် နှိုင်းရယ်။
"ဖြောင်း ဖြောင်း ဖြောင်း"
အတွေးများဆုံးသည့်အချိန်တွင် သူ့လက်သန်းကြွယ်တွင် လက်ထပ်လက်စွပ်တစ်ကွင်း အခန့်သား ရောက်နှင့်နေ၏။
ထိုလက်စွပ်ကို ကြည့်ပြီး ရွှေရုပ် နွမ်းလျလျ ပြုံးမိသည့်အချိန် သတို့သားကတော့ ရွှေရုပ်ကိုကြည့်ပြီး အကြင်နာဆုံး ပြုံးပြနေသည်။
BẠN ĐANG ĐỌC
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Lãng mạnငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။