Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၃၃)
"အခုချက်ချင်း ပြန်သွား…ခုန ပြောခဲ့တဲ့စကားတွေ ဘာတစ်ခုမှ မဟုတ်ပါဘူးလို့ ကျော်မင်းခိုင်ကို အခု သွားပြန်ပြော"
ရွှေရုပ် ဘာပြောပြော ထည်ဝါ စိတ်ငြိမ်ငြိမ်ထားပြီး ကားကိုဆက်မောင်းနေသည်။ကားမှန်ထဲမှတစ်ဆင့် နှိုင်းကို အကဲခတ်ကြည့်မိတော့ နှိုင်းက ကားအပြင်ဘက်သို့ ငေးကြည့်နေသည်။မသိရင် ဒီကိစ္စတွေကိုသူလုံးဝမသိသလိုပင် အေးဆေးစွာ နေနိုင်လွန်းလှသည်။
နှိုင်း စိတ်ထဲ ဘာတွေတွေးနေတာလဲ။နှိုင်း ဘာဖြစ်ချင်တာလဲ သူ စဉ်းစား၍မရ။
"ထည်ဝါ…နင် ကားပြန်မလှည့်ဘူးလား…အဲ့ဒါဆို ရပ်တော့…ငါ အခု ဆင်းမယ်"
ရွှေရုပ် သောင်းကျန်းနေ၍ ပန်းခြံတစ်ခုထဲသို့ ရောက်အောင်မောင်းပြီး ရပ်ပေးရသည်။ကားရပ်သည်နှင့် နှိုင်းက ကားပေါ်က ဆင်းပြီး ထိုင်ခုံတန်းလျားတစ်ခုပေါ်တွင် သွားထိုင်သည်။
"နှိုင်း …နင် အေးအေးလူလူ ထိုင်နိုင်သေးတယ်နော်…နင် မွှေချင်တိုင်း မွှေထားပြီးမှ အဲ့လို အေးဆေးထိုင်နေလို့ရလား"
ရွှေရုပ် နှိုင်းကို အားမလိုအားမရနှင့် ပခုံးကနေ ဆွဲထူလိုက်သည်။နှိုင်းက အရုပ်လေးတစ်ရုပ် ကောက်မလိုက်သလို အလိုက်သင့်ထရပ်ပြီး မျက်နှာကို လွှဲထားသည်။
"နင်ဘာလို့ အဲ့လို လုပ်ရတာလဲ…ငါ နားမလည်ဘူး ငါ့ကိုပြောစမ်းပါ…နင် ဘာလို့ ပြဿနာတွေ ရှုပ်ထွေးအောင် လုပ်ရတာလဲ"
"ငါ ဘာလုပ်လို့လဲ…ယောကျာ်းနှစ်ယောက် ယှဉ်ပြိုင်ကြတာ…ဘာဆန်းလို့လဲ"
"ဘာဆန်းလဲ ဟုတ်လား…one night လေ…one night ဆိုတာ ဘာအဓိပ္ပာယ်လဲ နင်သိလား"
နှိုင်း သူ့လက်မောင်းတွေ ဆုပ်ကိုင်ထားသည့် ရွှေရုပ်လက်တွေကို ဖယ်ပြီး မျက်နှာကိုမော့ ဆံပင်ကိုသပ်တင်လိုက်သည်။
"နင် အရှက်မရှိဘူးလား…နှိုင်း…ငါ နင့်အစား ရှက်လို့ သေတော့မယ်…နင့်အတွက် လောင်းကြေးထပ်စရာ အဲ့လောက်ပဲ ရှားလား…"
"ပြီးတော့ ထည်ဝါ…ထည်ဝါက ဘာလို့ …နင်တို့ကိစ္စမှာ ပါလာရတာလဲ…ကျော်မင်းခိုင်ကို နင်ချစ်ရင်ချစ်တယ် မချစ်ရင် မချစ်ဘူး…ပြောလိုက်ရင် ပြီးနေတဲ့ ကိစ္စကို ဘာလို့
ထည်ဝါကို ကျော်မင်းခိုင်နဲ့ ယှဉ်ထိုးခိုင်းရတာလဲ…ထည်ဝါနဲ့ ဘာဆိုင်လို့လဲ"
"ဟာ…ငါ့ကိစ္စက နင်တို့နဲ့ မဆိုင်ဘူးလား… နင်တို့ကိစ္စတုန်းက ငါ အဲ့လို နေခဲ့လို့လား"
"မတူဘူးလေ နှိုင်းရယ် ဒါက နင်နဲ့တင် ပြီးတဲ့ကိစ္စကို အခု အားလုံး ရှုပ်ထွေးကုန်ပြီ…
နင်လုပ်တာ ဘာအဓိပ္ပာယ်မှ မရှိဘူးဟာ"
"ဘာလို့ အဓိပ္ပာယ်မရှိရမှာလဲ ထည်ဝါက ကျော်မင်းခိုင်ကို မနိုင်ဘူး ထင်လို့လား"
"ဘယ်လိုလုပ်နိုင်မှာလဲ…နင် ရူးနေလား…
ဟိုက လက်ဝှေ့ကို နှစ်နဲ့ချီ ကြိုးစားလေ့ကျင့်လာတာ…ချန်ပီယံဟောင်းကိုတောင် အပြတ်အသတ် နိုင်ထားတာ…အဲ့လိုလူကို…
မနေ့တစ်နေ့ကမှ လက်ဝှေ့သင်နေတဲ့သူက ဘယ်လိုလုပ်နိုင်မှာလဲ နင် စဉ်းစားလေ…စိတ်ကူးယဉ်နေတာတွေ ရပ်ပါတော့…နှိုင်းရယ်…ငါ တောင်းပန်ပါတယ်…ထည်ဝါကို ဒုက္ခမပေးပါနဲ့ "
ခခယယတောင်းပန်နေသည့် ရွှေရုပ်ကိုနှိုင်း စိတ်မကောင်းစွာ စိုက်ကြည့်မိသည်။ငါ ထည်ဝါကို ဒုက္ခပေးတာ မဟုတ်ရပါဘူး ဟု စိတ်ထဲ ပြောမိသော်လည်း အပြင်မှာတော့ ထုတ်မပြောဖြစ်။ထည်ဝါကို ကြည့်တော့ ထည်ဝါက ခုံတန်းလျား လက်တန်းပေါ် လက်ထောက်ပြီး အဝေးကို ငေးကြည့်နေသည်။
"ငါ ပြောတာ နားထောင်ပါ…နင်တို့အခု ချက်ချင်းသွားပြော……ဒါမှမဟုတ် ဖုန်းဆက်မလား… သူ့ဖုန်းနံပါတ် ဘယ်သူဆီမှာ ရှိလဲ…ငါ သူ့ဖုန်းနံပါတ်ကို စုံစမ်းကြည့်မယ်"
"တော်တော့ ရွှေရုပ်… ငါ ပြောပြီးသားစကားကို ပြန်မပြင်ဘူး…ထည်ဝါ နိုင်အောင်လုပ်နိုင်ရင် လုပ် မလုပ်နိုင်ရင် လောင်းကြေးအတိုင်းပဲ…ငါ မပြောင်းလဲဘူး"
"နင် ဘာလို့ အဲ့လောက် ခေါင်းမာနေရတာလဲ
ဒါ ဘယ်သူ့အတွက်မှ မကောင်းတာ သိရက်နဲ့"
"ကောင်းကောင်း မကောင်းကောင်း ငါလုပ်မယ့် အလုပ်ကို ဆက်လုပ်မှာပဲ ငါ့ကို ဘယ်သူမှ တားလို့ မရဘူး"
"ဟာ…ဒါဆို…နင့်အကြောင်းပြချက်က ဘာလဲ…ရှုံးမှန်းသိရက်နဲ့ လုပ်တာ…ထည်ဝါကို အရှက်ကွဲချင်တာလား ဒါမှမဟုတ်…နင် ကျော်မင်းခိုင်ကို ပေးချင်လို့ အကြောင်းပြချက် ရှာတာလား"
"ရွှေရုပ်…နင်"
"မလုပ်နဲ့…နှိုင်း"
ဒေါသတကြီး လက်ထရွယ်လိုက်သည့် နှိုင်းကို ထည်ဝါက စိုးရိမ်တကြီးလှမ်းဆွဲသည်။ရွှေရုပ်က နှုတ်ခမ်းကိုကိုက်ပြီးမျက်နှာကိုတင်းမာစွာမော့ထားသည်။
"ရိုက်ပါစေ…ထည်ဝါ…သူက သူလုပ်ချင်တာ
လုပ်လိုက်ရမှ…ကျေနပ်တာ…ဟိုးငယ်ငယ်ကတည်းက သူလုပ်ချင်ရာလုပ်ဖို့ ဘယ်သူ့ကို အားနာဖူးလို့လဲ"
"တော်ပါတော့…ရွှေရုပ်ရယ်…ဆက်မပြောပါနဲ့တော့…နှိုင်းအကြောင်းလဲ နင် သိရက်သားနဲ့ဟာ"
"ဘာသိတာလဲ…ငါတော့ ဘာမှမသိဘူး…နင်ရောသိလား…နင့်ကို ဘာလို့ အဲ့လိုလုပ်လဲ နင်သိလား…နင့်သဘောကို ဘာမှမမေးဘဲ…
သူ့သဘောနဲ့ သူလုပ်ချင်ရာလုပ်တာ…
အဲ့ဒါ နင့်နောက်ကျောကို ဓားနဲ့ထိုးတာ နင်သိလား…နင် အဲ့ဒါ သိလို့လား"
ရွှေရုပ် ဒေါသတကြီး ထည်ဝါ ရင်ဘတ်ကို ထုရိုက်ကာ အော်ပစ်လိုက်သည်။ နှိုင်းမျက်လုံးတွင် မျက်ရည်များရစ်သီလာသည်။တဆတ်ဆတ်တုန်ရီနေသည့် နှုတ်ခမ်းကို
ဖိကိုက်ပြီး ရွှေရုပ်ကို နာနာကြဉ်းကြဉ်းစိုက်ကြည့်လိုက်မိသည်။
"အေး ဟုတ်တယ်…ငါ ထည်ဝါနောက်ကျောကိုဓားနဲ့ထိုးတာ… ကျော်မင်းခိုင်ကို ပေးချင်လို့ အကြောင်းပြချက် ရှာတာ…အဲ့ဒါ ဘာဖြစ်လဲ…နင် မကျေနပ်ဘူးလား…နင် ဆုံးရှုံးတာဘာရှိလဲ…နင့်အပူ ဘာပါလဲ"
နှိုင်း ပါးပြင်ပေါ် ပေါက်ခနဲကျလာသည့် မျက်ရည်ကို ဆတ်ခနဲသုတ်ပြီး မျက်နှာကြောတင်းတင်းနှင့်မေးတော့ ရွှေရုပ်က နာကျင်ခံပြင်းစွာတောက်ခပ်ပြင်းပြင်း ခေါက်၏။
"ငါ နင့်ကို နားလည်ဖို့ ကြိုးစားခဲ့တယ် နှိုင်း…
နင့်ရဲ့ဘဝကို ငါ့ရဲ့ဘဝလို တန်ဖိုးထားခဲ့တယ်…အခုတော့ နင်ကအလကားပဲ…အေးလေ…နင့်လိုလူအတွက် one night က ဘာဆန်းလဲ…နင်တောင် တန်ဖိုးမထားတာ ငါက အနေသာကြီး ဟုတ်တယ်…ငါ့ အပူမပါဘူး…နင် ဘာဖြစ်ဖြစ်…ဒီနေ့ကစပြီး ငါနဲ့မဆိုင်ဘူး…"
"တော်တော့လို့ ပြောနေတယ်လေဟာ…တော်ပါတော့…ငါ မရှုံးရင်ပြီးရော မဟုတ်လား…ငါ မရှုံးအောင် လုပ်မယ် နင်တို့
သင့်သင့်မြတ်မြတ်နေစမ်းပါ…အဲ့လို မဖြစ်ကြပါနဲ့ "
"လွယ်လွယ်မပြောနဲ့ ထည်ဝါ…ဦးနှောက်မရှိသူ ပြောတဲ့ မှိုင်း… နင်ပဲမိ ငါတော့ မမိဘူး…ဒီကိစ္စ မဖြစ်အောင်ငါတားမှာ…ငါ့တစ်ယောက်အားနဲ့မရရင် နင့်မိဘတွေ ပြောပြီးတားမှာ…နင် မယုံရင် စောင့်ကြည့်…နင့်ကိုဘယ်သူမှ ဖျက်စီးလို့ မရစေရဘူး"
"ဟာ"
ရွှေရုပ်က ပြောချင်ရာ ပြောပြီး ချာခနဲ လှည့်ပြေးသွား၏။
"ရွှေရုပ်"
"ရွှေရုပ်"
သူ ဘယ်လိုခေါ်ခေါ် လှည့်မကြည့်သည့်အဆုံး ထည်ဝါ စိတ်ပျက်ပျက်နှင့် မြက်ပင်တွေကို ပစ်ကန်လိုက်သည်။
နှိုင်းက အဲ့ဒါကိုကြည့်ပြီး ခပ်ယဲ့ယဲ့ ပြုံးနေ၏။
"လိုက်သွားလေ…နင့်ကို ကာကွယ်ပေးလိမ့်မယ် ငါနဲ့နေရင် အန္တရယ်များတယ်"
"မရွဲ့ပါနဲ့တော့…နှိုင်းရယ်…ဘာလို့ ပေါက်ကရတွေ လျှောက်ပြောလိုက်တာလဲဟာ…နင် ဘာဖြစ်ချင်တာလဲ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ"
"ဟဟ…ဘာဖြစ်ချင်ရမှာလဲ နင့်နောက်ကျောကို ဓားနဲ့ထိုးချင်တာလေ…ပြီးတော့ ကျော်မင်းခိုင်ကို ပေး"
"တော်တော့"
နှိုင်းစကားတွေမဆုံးခင် ထည်ဝါက သူ့ပခုံးကို ခပ်ကြမ်းကြမ်း ဆွဲလှုပ်လိုက်ပြီး မျက်လုံးကို စူးစူးရဲရဲ စိုက်ကြည့်သည်။
"ငါ့ရှေ့မှာ ဘယ်တော့မှ အဲ့စကား လာမပြောနဲ့…ငါ အသက်ရှိနေသရွေ့ နင် အဲ့လို မဖြစ်ရဘူး…ငါ ဒီတစ်သက်…နင့်ကို အဲ့စကား ပြောခွင့်မပြုဘူး နှိုင်း"
စူးရှတောက်ပသည့် မျက်ဝန်းတစ်စုံကို နှိုင်း စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ဘာမဆို ဖြစ်အောင် လုပ်မယ်ဆိုတာ အဲ့မျက်လုံးတွေပေါ့…။ငါတော့ ယုံတယ် ထည်ဝါ…။နင် လုပ်နိုင်ပါတယ်…။သို့သော် စိတ်ထဲကအတိုင်း သူ့ကို အားမပေးဖြစ်။
"ရွှေရုပ်ပြောတာ ပြောတာ မှန်တယ်…
ကျော်မင်းခိုင်ကို နင်မနိုင်နိုင်ဘူး…အဲ့တော့
ငါ့လောင်းကြေးဟာလည်း ဖြစ်လာမှာ…အဲ့တော့ နင်ဘာလုပ်မလဲ…ရွှေရုပ်ပြောသလို ကျော်မင်းခိုင်ကို ပြောတာမှားသွားပါတယ်လို့ သွားတောင်းပန်ကြမလား…"
ထည်ဝါက ခါးကိုထောက်ကာ ခေါင်းကိုခါ၏။
"နင် တောင်းပန်မယ်ဆို ငါလည်းတောင်းပန်မယ်လေ သူက ငါပြောရင်တော့ သူနားဝင်မှာပါ "
"ကျွတ်…တော်စမ်းပါဟာ…ငါ သူ့လိုလူကို ဘယ်တော့မှ မတောင်းပန်နိုင်ဘူး…ငါ့တစ်သက်လုံး သူ့ကို ကြောက်နေရမယ့် အဖြစ်မျိုးတော့ အဖြစ်မခံနိုင်ဘူး…"
"အဲ့တော့ ဘယ်လိုလုပ်မလဲ ထည်ဝါ…
ငါ့ကြောင့်နဲ့…နင် ပင်ပန်းမှာနော် "
ထိုသို့ပြောနေသည့် နှိုင်း မျက်နှာကို ထည်ဝါ ငေးစိုက်ကြည့်မိသည်။အားတောင့်အားနာ ဖြစ်နေသည့် မျက်နှာမျိုး မဟုတ်ဘဲ လိုချင်ရာတစ်ခု ရတော့မည်မို့ မချိုမချဉ်နှင့်ကျေနပ်နေသည့်မျက်နှာမျိုးမို့ရင်ထဲ ကသိကအောင့်တော့ ဖြစ်နေမိသည်။
နှိုင်းစိတ်ကို ဘယ်လိုမှ ခန့်မှန်း၍ မတတ်တော့။
ဘာဖြစ်ချင်တာလဲဟု မေးလည်း အမှန်အတိုင်းဖြေမည်မဟုတ်။
သေချာတာသည် ဒီကိစ္စကို သူ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်းပင်ဖြစ်သည်။
ဘာရည်ရွယ်ချက်လဲ…။
သူမသိသော်လည်း ရွှေရုပ်ပြောသလို ကျော်မင်းခိုင်အတွက် အကြောင်းရှာခြင်း မဖြစ်နိုင်။ နှိုင်းကို သူယုံသည်။ရွှေရုပ်စိတ်လည်း ထို့အတိုင်း ဖြစ်မှာပင်။
![](https://img.wattpad.com/cover/351959342-288-k302476.jpg)
ESTÁS LEYENDO
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Romanceငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။