Part 38 ( U & Z )

898 20 4
                                    

Unicode

#မျှား၍မယူ...ထုဆစ်ယူသည်
#အပိုင်း(၃၈)

နေ့ရက်တိုင်းမှာ နှိုင်းကို တွေ့ရမည်ဆိုသည့် စိတ်နှင့် ဖြတ်သန်းလာခဲ့သည်မှာ တစ်လတင်းတင်းပြည့်ခဲ့ပြီ။

ဘယ်လိုနေရာမှာ ဘယ်လိုပုံစံမျိုးနှင့် တွေ့မလဲ။ဒါမှမဟုတ်...ဘယ်လိုပုံစံမျိုးနှင့်
ပြန်လာမလဲ။ထိုစိတ်နှင့် နေ့ရက်တိုင်းမှာ စောင့်မျှော်ခဲ့သည်။

ဘယ်နေရာမှာမှန်းမသိသည့်သူကို ပြန်လာပါတော့ ဟု အော်ခေါ်ချင်မိသည်။ပျောက်သောသူမဟုတ်လေတော့ ရှာလို့လည်းမတွေ့။
ထွက်သွားဖို့ ပြင်ဆင်ကတည်းက ကိုယ့်နှင့်ဝေးရာမှာ နေနိုင်လောက်သည့် စိမ်းကားမှုမျိုး သူ့မှာအလုံအလောက် ရှိနှင့်ပြီးသား ဖြစ်မှာပါ။

ထည်ဝါ ထိုသို့ပဲ တွေးမိသည်။ရွှေရုပ်ကတော့ နှိုင်းအကြောင်းပြောတိုင်း ပြောတိုင်း မျက်ရည်တွေ ဝဲတတ်သည်။သူကြောင့်ဟု ပြောကာ စိတ်မကောင်း ဖြစ်နေတတ်သည်။
တစ်ပတ်တစ်ခါလောက် သူတို့နှစ်ယောက်ဆုံပြီး အခန်းလေးဆီသို့ လာတတ်သည်။
သူကတော့ ခဏခဏ လာမိသည်။

တစ်ခါတလေ ဘယ်မှ မသွားဘဲ ထိုအခန်းထဲမှာပဲ တစ်နေကုန်တတ်သည်။
နှိုင်းသာပြန်လာရင် ဒီအခန်းလေးကို အရင်ဆုံးလာမည်ဟု စိတ်ထဲ ယုံကြည်မိသည်။

သူတို့ကို အမှတ်ရစရာတွေ အများကြီးနှင့် ထားခဲ့တဲ့သူ...
အခု ဘာတွေများ လုပ်နေမလဲ။

တစ်ခါတလေအရမ်းလွမ်းမိသည်။တစ်ခါတလေတော့လည်း စိတ်ဆိုးမိသလိုပင်။လုံးဝမဆက်သွယ်ဘဲ နေနိုင်ပါလားဟုတွေးကာ ရင်ထဲ နင့်နင့်နဲနဲ ခံစားရသည်။တစ်ခါတလေ ကျန်းမာရေးမကောင်းလို့ပဲလား ဟုတွေးကာနေမထိ ထိုင်မသာ ဖြစ်မိ
သည့်အထိ ပူပန်မိတယ်။

နှိုင်းက ဘယ်လိုမှ အဆက်အသွယ်မရအောင် ပျောက်သွားသည်မဟုတ်လား။သူ့အမေဆီလည်းမသွား။တီလေးရှိနေသည့် ကယားပြည်နယ်ဘက်ကိုလည်း မလာဘူးဟု ဆိုသည်။ဒါဆို နှိုင်း ဘယ်ကိုသွားမလဲ။သူသိသလောက် နှိုင်းက အပေါင်းအသင်းသိပ်မထား။

'အများကြီးလည်း မချစ်နိုင်ဘူး...အများကြီးလည်း စိတ်မရှည်နိုင်ဘူး' ဟုဆိုကာ လူတော်တော်များများကို ခပ်တန်းတန်းသာနေတတ်သည့် နှိုင်း...သူတို့ကလွဲ ခင်တွယ်စရာမရှိလောက်အောင် အပေါင်းအသင်းနည်းသည့် နှိုင်းက အခု ဘယ်မှာ အခြေချပြီး
ဘယ်သူတွေနှင့် ပေါင်းသင်းနေမလဲ။သူတကယ် ပူပန်မိပါသည်။

ဆိုးသည်က နှိုင်းနှင့်အတူ ကျော်မင်းခိုင်ပါ ပျောက်နေခြင်းပင်။ကျော်မင်းခိုင်က နှိုင်းကို တစ်နေရာ ခေါ်ပြီး အဆက်အသွယ် ဖြတ်ခိုင်းသည်ပဲလား။ထိုသို့တွေးမိရင် အမြင့်တစ်နေရာက တဟုန်ထိုးပြုတ်ကျလာသလို ခံစားရပြီး တစ်ခုခုသော အရာနှင့် အရှိန်ပြင်းပြင်းထိပြီး ရင်ကွဲတော့မလို ခံစားရသည်။

"သေချာပါတယ်...ကျော်မင်းခိုင်...နှိုင်းကို ခိုးပြေးသွားတာပဲနေမှာ..."

ရွှေရုပ်ကောက်ချက်အဆုံးမှာ သူငိုင်တိုင်တိုင် ဖြစ်သွားမိသည်။ခေါင်းတွေခါရင်းမှ အကြောင်းပြချက်တွေ ရှာနေမိသည်။

"နှိုင်း... သူ့ကို မချစ်ဘူး... အဲ့ဒါကို ငါ သေချာသိတယ်"

"မချစ်လည်း... ကိုယ်နဲ့ ငြိစွန်းပြီးရင်...
ယူမှာပဲ...
မိန်းကလေးဆိုတာ အရှက်နဲ့ လူလုပ်တာလေ...ငါတော့ အဲ့လို ဖြစ်မယ်လို့ထင်တယ်"

"မဖြစ်နိုင်ဘူး...သူများတော့မသိဘူး...
နှိုင်းတော့ မဖြစ်နိုင်ဘူး...နှိုင်းလိုလူက တစ်ခါအမှားလေးနဲ့ တစ်ဘဝလုံး မြုပ်နှံမယ့်သူ မဟုတ်ဘူး... မဖြစ်နိုင်ဘူး"

"ငါလည်း အဲ့လိုဖြစ်ပါစေပဲ ဆုတောင်းတယ်...သူက လုံးဝမဆက်သွယ်တာစိုးတယ်...ဘာလို့မဆက်သွယ်ရတာလဲ...
စိတ်ပူတယ်...နှိုင်းရယ်... ပြန်လာပါတော့"

"သူ မဆက်သွယ်ချင်သေးလို့နေမှာပေါ့ဟာ"

ထည်ဝါ အဝေးသို့ငေးရင်း ဆွေးဆွေးမြေ့မြေ့ပြောမိသည်။ရွှေရုပ်ဆီမှ သက်ပြင်းချသံများသာ တစ်ချက် တစ်ချက် ကြားရသည်။ရယ်မောသံများ ပျောက်ဆုံးနေသည့်နေရက်များကို နှိုင်း...သိမှသိပါလေစ။

မျှား၍မယူ...ထုဆစ်ယူသည် ( Completed )Donde viven las historias. Descúbrelo ahora