Unicode
#မျှား၍မယူ...ထုဆစ်ယူသည် #အပိုင်း(၃၉)
"ဘာလုပ်နေလဲ"
ကျော်မင်းခိုင် မက်ဆေ့ပို့ပြီး အရက်ခွက်ကိုငှဲ့လိုက်သည်။အရက်ငှဲ့ပြီး မော့သောက်သည်အထိ စာက ပြန်မလာသေး။အရက်တစ်ချိုင့်မော့သောက်ပြီး ဖုန်းကိုပဲ ကြည့်နေမိသည်။ပြန်ပို့မလာ၍ စာထပ်ရိုက်လိုက်သည်။
"အလုပ်မအားဘူးလား"
အချိန်အတော်ကြာသည်အထိ ပြန်မလာ။ထို့ကြောင့် ထပ်ပို့လိုက်သည်။
"ဖုန်းဆက်မယ်"
စာပို့ပြီး သုံးမိနစ်လောက်စောင့်သည်။ပြန်မလာသည့် အဆုံးမှ ဖုန်းဆက်လိုက်သည်။တစ်ဖက်မှ မကိုင်။စိတ်က တိုချင်ချင် ဖြစ်လာမိသည်။
"ဘာလို့ဖုန်းမကိုင်တာလဲ"
"မင်းကို သတိရနေတာ"
"ဖုန်းကိုင်"
"ဟေ့"
ဘာရေးရေးပြန်မလာသည့်အခါ နောက်ဆုံး စိတ်စမ်းသည့် အနေနှင့် စာတစ်စောင် ထပ်ပို့လိုက်သည်။
"ငါ ဒီနေ့ နေထည်ဝါနဲ့ တွေ့ခဲ့တယ်...ငါတို့ရန်ဖြစ်ကြတယ်"
ရေးပြီး စိတ်တိုတိုနှင့် ဖုန်းကိုပစ်ချလိုက်သည်။သိပ်မကြာလိုက်။
"ကတောင်"
မက်ဆေ့မြည်သံအကြားမှာ တောက်ခပ်ပြင်းပြင်း ခေါက်မိသည်။ဘာပို့လိုက်လဲ မကြည့်ဘဲလည်း မနေနိုင်။ကြည့်ပြန်တော့လည်း စိတ်တိုရသည်။
"နင်အထိုးခံရတယ် မဟုတ်လား" တဲ့...
"တောက်"
ဖုန်းကို ဝါးစားမတတ်ကြည့်ပြီး မြန်မြန်ဆန်ဆန် ရိုက်လိုက်သည်။
"ငါသူ့ကို မျက်နှာဖူးယောင်အောင် ထိုးခဲ့တာ"
ပို့ပြီး သိပ်မကြာ။စာရောက်လာပြန်သည်။
"ဟဟ...ရှုံးမဲမဲနေမှန်း သိသာတယ်"
"ငါမင်းကို ဖုန်းခေါ်တုန်းက ဘာလို့မကိုင်တာလဲ"
"ကတောင်"
စာကထပ်ရောက်လာ၏။အရက်ကို တရှိန်ထိုး မော့သောက်ပြီးမှ စာကို ထပ်ဖတ်လိုက်သည်။
"ငါ့ကို လိုက်ရှာနေတယ် မဟုတ်လား"
"တောက်! ငါ မေးတာ အရင်ဖြေကွ...အဲ့ကောင်အကြောင်းပဲ သိချင်မနေနဲ့"
ကျော်မင်းခိုင် စိတ်တိုတိုနှင့် ပြောပြီး ဖုန်းကို လွှင့်ပစ်လိုက်သည်။
"ကတောင်"
"ကတောင်"
"ကတောင်"
စာတွေ အဆက်မပြတ်ဝင်လာသည်။ဖွင့်ဖတ်လည်း ကိုယ့်အကြောင်းပါမလာ။
"နင့်ကို ပြန်စိန်မခေါ်ဘူးလား..."
"ဒီတစ်ခါတော့ ထည်ဝါ နိုင်မှာ..."
"နင့်ကို အပြတ်အသတ် အနိုင်ယူလိမ့်မယ်"
"တော်တော့ကွာ...တော်တော့"
ဖုန်းကို ကိုင်ပေါက်ပြီး ဆိုဖာပေါ် ဘိုင်းခနဲ ထိုင်ချလိုက်သည်။အရက်ပုလင်းကိုယူ တစ်ခါတည်းမော့သောက်လိုက်သည်။ရင်ထဲပူဆင်းပြီး နားတွေပါ ပူထူသွားသည်။
"အား"
အသက်ကို ဝအောင် ရှူပြီး ပုလင်းကို လွှင့်ပစ်လိုက်သည်။ပုလင်းဝက်လောက် ကျန်သေးသည့် အရက်တွေ ကြမ်းပြင်ပေါ် ဖိတ်စင်ကျနေသည်ကို အဓိပ္ပာယ်မဲ့စိုက်ကြည့်နေမိသည်။
အတွေးထဲမှာ နှုတ်ခမ်းကို ဖိကိုက်ပြီး မျက်ရည် တစ်ဖက်တည်းကျသည့် မိန်းကလေးမျက်နှာကိုပဲ မြင်ယောင်နေမိသည်။
ESTÁS LEYENDO
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Romanceငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။
