အပိုင်း - ၉၆ (နန်တိန် မြို့)
သုံးနာရီကြာခရီးထွက်ပြီးနောက်, နောက်ဆုံးတွင် ကျန်းစစ်မင်သည် သူကြီးပြင်းလာခဲ့သည့် မွေးရပ်ဇာတိမြို့ငယ်လေးကို မြင်လိုက်ရသည်။
ဤမြို့ကို နန်တိန်မြို့ ဟုခေါ်ပြီး နန်တိန်ဂိတ်၏တည်နေရာသည် မြို့၏အထက်တွင်ရှိသည် ဟု ဆိုကြသည်။
စီးပွားရေးအငွေ့အသက်များ ဖုံးလွှမ်းနေသည့် ဒါလီနှင့်လီကျန်း မြို့များနှင့် နှိုင်းစာလျှင် စိမ်းညို့နေသောတောင်တန်းများ၊ ကြည်လင်စိမ်းမြသောရေနှင့် မီးခိုးများဝန်းရံထားသည့် မြို့လေး၏ ရှုခင်းမှာ များစွာသာလွန်ကောင်းမွန်လေသည်။
တောတောင်များနှင့် မြစ်များစသည့် ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ရသောကြောင့် ကျန်းစစ်မင်သည် ချောမောခန့်ညားသည့် ယောက်ျားလေး တစ်ယောက် ဖြစ်လာခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်လေသည်။
မြို့ကလေးသည် ဝေးလံခေါင်သီပြီး ဆင်းရဲသော်လည်း ယေဘုယျအားဖြင့် လူနေမှု အဆင့်အတန်းသည် ထိုနေရာတွင်ရှိနေဆဲဖြစ်ပြီး မိသားစုတိုင်းတွင် အခြေခံအားဖြင့် အနောက်တိုင်းပုံစံ အဆောက်အဦငယ်တစ်ခုရှိသည်။
မြို့တွင်းလမ်းများမှာ ကွန်ကရစ်လမ်းများဖြစ်သော်လည်း လူအနည်းငယ်သာ ကားရှိကြပြီး အများစုမှာ လယ်ထွန်စက်တွေရှိကြတာ များလေသည်။
ရံဖန်ရံခါတွင် အုတ်ကြွပ်ခေါင်မိုးရောင် တပြောင်ပြောင်နှင့် အိမ်အချို့တွင် ကားတစ်စီး တစ်လေ တွေ့ရတတ်သော်လည်း စျေးအကြီးဆုံးမှာ Toyota နှင့် BMW Brilliance တို့ဖြစ်သည်။
ကျန်းစစ်မင်၏ ဇိမ်ခံကား ဝင်လာသည်နှင့် တစ်ပြိုင်နက် မြို့တွင်းရှိ လူတိုင်းက သူ့ကို သတိထားမိခဲ့သည်။
အိမ်တိုင်းအိမ်တိုင်းက ကားကို စူးစမ်းကာ စိုက်ကြည့်နေကြသည်။
လူတော်တော်များများက ထိုကားကို ဘာတံဆိပ်မှန်းတောင် မသိကြပေ။
ကားသည် မြို့ထဲတွင် ဟိုကွေ့သည်ပတ် မောင်းပြီးနောက် လမ်းသေးသေးလေးထဲသို့ ဝင်သွားသည်။
လမ်းဆုံ၌ ကျိုင်းကောင်ပင်(မြေထဲပင်လယ်ဒေသ မျိုးရင်းသစ်ပင် တစ်မျိုး) တစ်ပင်ရှိသည်။
သစ်ပင်အောက်တွင် အဘိုးကြီးတချို့က ဆေးလိပ်သောက်၊ စစ်တုရင် ကစားနေရင်းမှ ရံဖန်ရံခါ အော်ဟစ်ငြင်းခုန်လျက် ရှိကြသည်။
ကားကို လမ်းဘေးတွင် ချရပ်လိုက်ပြီး, ကားပေါ်မှ လူငယ်တစ်ဦး ဆင်းလာသည်ကို မြင်သောအခါ လူအိုအချို့မှာ အံ့အားသင့်သွားကြသည်။
ထို လူငယ်ကို ရင်းရင်းနှီးနှီး မြင်ဖူးပုံရသော်လည်း ဘယ်သူဘယ်ဝါမှန်း သဲသဲကွဲကွဲ မသိကြပေ။
"အဘိုး၊ အဘိုးရဲ့မြေးကို မမှတ်မိဘူးလား"
ကျန်းချန်က အော်လိုက်သည်။
စွပ်ကျယ်အင်္ကျီဝတ်ထားသည့် အဘိုးကြီးတစ်ယောက်က သူ့ပေါင်ကို ရိုက်လိုက်ပြီး
"အဲဒါ အားမင်ပဲ!"
ဒီလူက ကျန်းစစ်မင်ရဲ့အဖိုး ကျန်းဂိုချောင် ဖြစ်သည်။
"အဘိုး၊ ကျန်းမာရေးက ဘယ်လိုလဲ။"
ကျန်းစစ်မင်သည် ပြုံးလျက် ကျန်းဂိုချောင်၏ ဒူးနားတွင် ထိုင်ချလိုက်သည် ။
ကျန်းဂိုချောင်က ကျန်းစစ်မင်၏ ပုတ်၍ မျက်နှာဘယ်ညာကိုစေ့စေ့ကြည့်ရင်း
"အားမင်၊ အရပ်ကြီး ရှည်လာလိုက်တာ။ အဘိုး သတိမထားလိုက်မိခင် ကောင်း ကောင်း ပြောင်းလဲ သွားတာပဲကိုး။"
"ကောင်းကောင်းစားတာပေါ့၊ ဒါမှ, ဆယ် ကျော်သက် ကောင်လေးတွေလို ပြန်ကြီးလာတာ ပေါ့"
ကျန်းစစ်မင်က ရယ်မောရင်းပြောသည်။
ကျန်းဂိုချောင် က ကြင်နာစွာပြုံးပြီး ခေါင်းညိတ်ကာ ချီးမွမ်းလိုက်သည်။
"အရပ်ရှည်လာတာ ကောင်းတယ်။ ငါ့မြေးလေးက ရုပ်လဲ တကယ် ချောတယ်။ ဒီတော့ မိန်းကလေးရှာရတာ လွယ်တာပေါ့ ဟားဟား"။
" အသက်ကြီးလေ ပိုချောလေ ကောင်လေးက အားမင်ပဲလေ"
"ဟားဟား၊ အစက ငါလဲ မမှတ်မိဘူးဟေ၊ ဒါ အားမင်လေ ၊အိမ်ပြန်လာတာ။"
...
အခြားလူကြီးများစွာလည်း စကားစပြောကြပြီး ကျန်းစစ်မင်သည် သူ့အဖိုးမိတ်ဆက်ပေးသမျှ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ရလေသည်။
"စကားမစပ် အားမင်ရေ, မင်း ရှန်ဟိုင်းမှာ အလုပ်မလုပ်ဘူးလား၊ ဘာလို့ပြန်လာတာလဲ"
ကျန်းဂိုချောင်က မေးသည်။
"အိုး၊ ကျနော် ပျင်းနေတာ။ အဖွားနဲ့ အမေရဲ့ လက်ရာကိုစားချင်လို့၊ သူတို့ ဟင်း လက်ရာ တွေနဲ့ ဝေးနေတာ ကြာပြီ။"
ကျန်းစစ်မင်က ပြုံးလိုက်သည်။
"ဟားဟား ဟုတ်ပြီ မင်းအဖွားကို ဒီည တစ်ခုခု ချက်ခိုင်းရအောင်"
ကျန်းဂိုချောင်က ပြောပြီးနောက် Range Rover ကိုကြည့်ကာ
"ဒီကားက ဘာကားလဲ" ဟု သေသေချာချာ မေးသည်။
"အဖေ့အတွက်ဝယ်ခဲ့တာ။"
ကျန်းစစ်မင်က ဒီလိုပြောလိုက်သည့်အခါ ကျန်းဂိုချောင် အပါအဝင် သက်ကြီးရွယ်အို တော်တော်များများ အံ့သြသွားကြလေသည်။
ကျန်းစစ်မင်သည် ဂုဏ်သိက္ခာရှိသော တက္ကသိုလ် ကျောင်းဆင်းဖြစ်သော်လည်း ဘွဲ့ရပြီး သည့်နောက် လူအများနှင့် သိပ်ရောရောနှောနှော မဆက်ဆံခဲ့ပေ။
ကျန်း၏ အဖေနှင့် အမေကို လှောင်ပြောင်ပြီး အဖိုးဖြစ်သူ ကျန်းဂိုချောင်ကိုတောင် ကဲ့ရဲ့ရှုတ်ချသူများမှာ သည်မြို့တွင် မနည်းမနောရှိကြောင်း လူတိုင်းသိကြသည်။
မထင်မှတ်ပဲ ဒီအချိန်မှာ ကျန်းစစ်မင်က ကားတစ်စီးကို မောင်း၍ ပြန်လာခဲ့ပြီးနောက် သူ့အဖေအတွက် ဒါကို ဝယ်ခဲ့ကြောင်း ပြောခြင်းဖြစ်သည်။
"ဒီကားက….ပိုက်ဆံအများကြီးရှိမှာလေ.. ဟုတ်တယ်မို့လား"
ကျန်းဂိုချောင်က ထပြီး ကားဘေးကို လျှောက်သွားလိုက်သည်။
သူ့မြေးဝယ်လာသည့် သတင်းကိုကြားတော့ ကားနားကို သွား၍ သေသေချာချာ ကြည့်ရဲပြီဖြစ်သည်။
"ဒီကားက ဘာလို့များ သိန်းရာနဲ့ချီပြီး ပေးရပါလိမ့်"
"ဖွတ်၊ ဒီကားက အနည်းဆုံး သိန်း နှစ်ရာလောက် တန်တယ်!"
"မင်းတို့နှစ်ယောက်ကလဲ, ဒီကားကို TV မှာ ငါ မြင်ဖူးတယ်။ Land Rover လို့ခေါ်တယ်။ အဲဒါက တစ်သန်းကျော် တန်တယ်။ Mercedes-Benz တို့၊ BMW တို့ထက် ပိုကောင်းတယ်!"
"အမလေး! စျေးကြီးလိုက်တာ!"
ကျန်သည့် သက်ကြီးရွယ်အိုများသည် သူတို့ဘဝတွင် တစ်သက်နဲ့တစ်ကိုယ် မမြင်ဘူးခဲ့ သည့် တစ်သန်းကျော်တန်သည့် ကားမှန်း သိလိုက်ရသည့်အခါ ထိတ်လန့်တကြား တအံ့တဩဖြင့် ရေရွတ်မိကြလေသည်။
ထို့ကြောင့် အဖွား လျူ ကဲ့သို့သော လူအိုအများအပြားသည် Grand View Garden သို့ ရောက်လာကြပြီး ကားကို အနီးကပ် ဝန်းရံကာ စူးစူးဝါးဝါး ကြည့်ကြလေသည်။
သူတို့အထဲတွင် ရှေ့ကိုထွက်၍ ကားကို တစ်ကြိမ်နှစ်ကြိမ်မက ထိကိုင်ကြည့်ဖို့ ကြိုးစား ကြည့်သည့် သတ္တိကောင်းသူအချို့ ပါရှိသော်လည်း ၎င်းတို့ကို ကျန်းဂိုချောင် သခင်ကြီးက တားမြစ်နှောင့်ယှက်လေသည်။
သူ့မြေးဝယ်ထားတဲ့ကားကို တခြားသူများက ဖျက်စီး ပစ်လိုက်မှာကို သူစိုးရိမ်နေခဲ့သည်။
ကျန်းစစ်မင်က ဘာမှ စိတ်မ၀င်စားဘဲ ကားတံခါးဖွင့်ကာ ကားသေတ္တာထဲမှ Yellow Crane Tower 1911 စီးကရက်နှစ်တောင့်ကို ထုတ်ယူလိုက်သည်။
ထုပ်ပိုးထားသည်ကို ဖြည်လိုက်ပြီးနောက် ကျန်းစစ်မင်သည် ၎င်းတို့အား စီးကရက် နှစ်ဘူးကို ပေးလိုက်သည်။
"ဒါက ဘာ အမျိုးအစားလဲဟေ"
"ထုပ်ပိုးထားတာကြည့်ရတာ အရမ်းစျေးကြီးတယ်"
"ဖူယုံဝမ်ဂီ ရှိလား"
"တရုတ်နဲ့ ဆင်တူရမယ်။"
...
လူကြီးများသည် ရလာသည့် စီးကရက်ဘူးကို ယူထားကြပြီး စပ်စုတတ်သည့် ကလေးများလို ငြင်းခုန်ဆွေးနွေးကြပြီး၊ သူတို့ထဲမှ တစ်ယောက်က ဘူးကို ချက်ချင်း ဖွင့်၍ တစ်လိပ်ယူပြီး မီးညှိ မြည်းစမ်းကြည့်ရာ ချက်ချင်းပင် အံ့ဩသွားလေသည်။
"ကောင်းလိုက်တာ၊ ဒီလောက် အရသာရှိတဲ့ စီးကရက်မျိုး ငါ တစ်ခါမှ မသောက်ဖူးဘူး။"
ကျန်းဂိုချောင်သည် သူ့မြေးဖြစ်သူ ဝယ်ထားသော စီးကရက်ကို ကိုင်ဆောင်ထားသည့် မုတ်ဆိတ်ဖြူများနှင့် မုတ်ဆိတ်ကောက်ကွေး အဖိုးအိုများအား ကြည့်ကာ သိသိသာသာပင် စိတ်ရှုပ်သွားသည်။
"အားမင်, မင်းက ဘာလို့ ဒီလောက်အများကြီး ပေးနေရတာလဲ။ တစ်ယောက် တစ်ခု လောက်ဆို တော်ရောပေါ့။"
ကျန်းဂိုချောင်က ကျန်းစစ်မင်၏နား နားသို့ကပ်၍ တိုးတိုးလေး ပြောသည်။
ကျန်းစစ်မင်က ရယ်မောပြီး ကားသေတ္တာလေးကို ဖွင့်လိုက်သည်။ အထဲမှာ စီးကရက် တစ်ဒါဇင်ကျော်ရှိသည်။ 1911 သာမက Hetianxia၊ အပြာနှင့်အဖြူရောင်ကြွေ၊ ပန်ဒါနီ စသည်ဖြင့် အမျိုးစုံ ပါလေသည်။
"အဘိုး၊ ဘယ်လိုနေလဲ ကျနော်သိတယ်၊ အဖိုးအတွက် ကျနော် ဒါတွေယူလာတာ၊ ဒါပေမယ့် ဒါတွေကို အဖွားကို ပေးထားခဲ့မှာ၊ မဟုတ်ရင် အဖိုးက သိပ်မကြာဘူး… ဒါတွေ အကုန် သောက်ပစ်မှာ။ ဆေးလိပ် အရမ်းသောက်တာ မကောင်းဘူး။"
ကျန်းစစ်မင်က ပြုံးလိုက်သည်။
ကျန်းဂိုချောင်က ဝမ်းသာအားရ ရယ်မောပြီး
"အေးအေး၊ မင်းအဖွားဆီမှာ ထားခဲ့လိုက်၊ ဒါပေမယ့် တစ်ပါကင်လောက်တော့ အဘိုးကို အရင်ပေးစမ်းပါကွာ"
"လောင်ကျန်း၊ မင်းက တကယ်ကို ကောင်းတာပဲ၊ ငါ့ မြေးလေးက ဝတ္တရားကျေပြွန် လိုက် တာ၊ နောက်ကျရင်တော့ ဆေးလိပ်သောက်ချင်ရင် မင်းဆီမေးရတော့မှာပဲ။"
အဘိုးကြီးတစ်ယောက်က ရယ်ရယ်မောမောပြောသည်။
"သွား၊ သွား၊ ဒါက ငါ့မြေးဝယ်ထားတာ၊ လောင်မင်၊ မင်းအတွက် ဝယ်ခိုင်းဖို့ မင်းမြေးမကို သွားရှာ"
ကျန်းဂိုချောင်က ပြတ်ပြတ်သားသား ငြင်းဆိုသည်။
ကျန်းစစ်မင်သည် သူ့အဘိုး ကြိုက်မှန်းသိသောကြောင့် စီးကရက် အများအပြား ဝယ်လာ ခဲ့သည်။
"အဘိုးရေ… အဖွားနဲ့ အဖေတို့အမေတို့က ဘယ်မှာလဲ"
ကျန်းစစ်မင်က စီးကရက်ဘူးကို ကမ်းပေးရင်း မေးလိုက်သည်။
ကျန်းဂိုချောင်က စီးကရက်ဘူးကို ပျော်ရွှင်စွာ ဖောက်နေရင်းမှ
“မင်းအမေနဲ့ မင်းအဖွားက အိမ်မှာ ပြောင်းဖူးခွံခွာနေကြတယ်၊ မင်းအဖေက လယ်ကွင်းထဲမှာပဲ ရှိနေလောက်သေး တယ်” ဟု ပြောသည်။
"ညီမလေးရော ဘယ်မှာလဲ"
"သူက ကျောင်းမဆင်းသေးဘူး၊ ခဏနေရင် ဆင်းမှာ"
"ဒါဆို အဖေ့ကို သွားရှာရအောင်"
"ငါတော့ အခု မသွားသေးဘူး။ မင်း စီးကရက် နှစ်ထုပ် ထားခဲ့ ၊ ငါ စစ်တုရင် ကစားနေတာ မပြီးသေးဘူး"
ကျန်းဂိုချောင်က ပါးစပ်တွင် စီးကရက်ကိုခဲ၍ မျက်လုံးကို မှိတ်ပြီး အရသာခံနေသည်။
လူတိုင်းရဲ့ ကြည်ညိုလေးစားမှု နဲ့ ချီး မြှောက်ပြောဆိုတာတွေကို နားထောင်ဖို့အတွက် သူ့အဘိုး ဒီမှာပဲဆက်နေချင်သေးတာကို သဘောပေါက်တာကြောင့် ကျန်းစစ်မင်က ရယ်မောရင်း ကျန်ရှိနေတဲ့ Yellow Crane Tower ကို သူ့အဘိုးအား လှမ်းပေးလိုက်သည်။
ကျန်းဂိုချောင်သည် ရတနာတစ်ခုကို ကောက်ရသလိုမျိုး စီးကရက်ဘူးအား သူ့အိတ်ကပ် ထဲတွင် ထည့်ထားလိုက်သည်။
ကျန်းစစ်မင်သည် တခြားလူကြီးများကို နှုတ်ဆက်ပြီး ကားကို စက်ပြန်နှိုး၍ အိမ်ဘက်ကို ဦးတည် မောင်းသွားခဲ့သည်။
အဘိုးအဘွားတစ်စုမှာ ကျန်းဂိုချောင်ကို ချီးမွမ်းဂုဏ်ပြုရန် ဆွဲခေါ်သွားခဲ့ပြီး “ကျန်း” မိသားစုတွင် အရည်အချင်းကောင်းရှိကြောင်း ပြတ်ပြတ်သားသားပြောခဲ့ကြလေသည်။
ကျန်းဂိုချောင်မှာ ပါးစပ်ကြီးနားရွက်တက်ချိတ်လျက်ပြုံးဖြီးဖြီးကြီးဖြစ်နေပေသည်။
ကျန်းစစ်မင်သည် စပါးခင်းများ တန်းစီစိုက်ပျိုးထားသော လမ်းကြောင်းအတိုင်း မောင်းလာ ခဲ့သည်။
မြေသြဇာကောင်းသော လယ်ကွင်းတစ်ခုဆီသို့ ကားမောင်းလာရင်း၊ သက်လတ်ပိုင်း အရွယ် လူတစ်ယောက်သည် ဘောင်းဘီရှည်ကို လိပ်တင်ထားပြီး ရွှံ့ထဲတွင် လှမ်းရင်း ခါးကိုကိုင်း၍ ပျိုးပင်များ စိုက်နေသည်ကို ကျန်းစစ်မင် တွေ့လိုက်ရသည်။
ကျန်းစစ်မင်က ပြုံး၍ ကားပြတင်းပေါက်မှန်ကို ချလိုက်ပြီး ကားဟွန်းကို နှစ်ကြိမ်တီးသည်။
တီ~
ကျန်းစစ်မင်၏အဖေသည် အသံကြားရာသို့ မျှော်ကြည့်လိုက်သောအခါ ကားကြီးတစ်စီးကို တွေ့လိုက်ရသည်။
သူနဲ့မဆိုင်ဟုဆိုကာ ထပ်မစဉ်းစားတော့။
တီ.. တီ~
ဒီတစ်ခါတော့ ကျန်းစစ်မင်၏ အဖေက ထူးဆန်းသလိုမျိုး ကားပြတင်းပေါက်ကို စေ့စေ့ကြည့်ရင်း အံ့ဩသွားကာ ပြုံးပြလိုက်သည်။
::::::::::::::::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။