အပိုင်း - ၁၅၆ (စိမ့်ဝင်ထိုးဖောက်ခြင်းကျောင်း)
လီရှန်းရွှယ် ကလည်း ကျန်းစစ်မင်ကို မှတ်မိသွားပြီး အံ့သြတကြီးဖြင့်
"ဘယ်လိုဖြစ်လို့ ရှင်ဖြစ်နေတာတုံး?” ဟုပြောလိုက်သည်။
"တိုက်ဆိုင်လိုက်တာ အရာရှိလီ"
"ဟုတ်ပါ့၊ ရှင်က ဘာတွေဖြစ်ခဲ့တာလဲ"
လီရှန်းရွှယ်က အခြေအနေကို အရင်မေးလိုက်သည်။
ကျန်းစစ်မင်က သူမအား ဖြစ်ပျက်ခဲ့သည်များကို ပြောပြခဲ့ပြီး သက်သေအဖြစ် အသံဖမ်း ထားသည့် အသံဖိုင်မှတ်တမ်းမှာ အခိုင်အမာ ရှိနေပြန်ရာ လောင်ဖန် တပတ်ရိုက်သည့်ကိစ္စ မှာ အသုံးမဝင်လှပေ။
ဤစကားကိုကြားပြီးနောက် လီရှန်းရွှယ်သည် မကျေမနပ်ဖြင့် ငိုကြွေးနေဆဲဖြစ်သော လောင်ဖန်ကိုကြည့်ကာ နောင်တလား နာကျင်ခြင်းလား မဝေခွဲတတ်တော့ဘဲ၊ လုပ်ဖော်ကိုင်ဖက်များအား ပြောလိုက်သည်။
"သူ့ကို ပြန်ခေါ်သွား၊ ပြီးရင် မစ္စလီယင်ဇီကို ရဲစခန်းကို မှတ်တမ်းလာယူဖို့ ပြောလိုက်ပါ။"
ရဲများက လောင်ဖန်ကို ခေါ်ဆောင်သွားကြပြီး၊ လီယင်ဇီသည် ရဲကား နောက်မှ လိုက်သွားခဲ့ သည်။
ကျန်းစစ်မင်သည် ခြွင်းချက်မရှိ၊ သူ့အတန်းခေါင်းဆောင်အား ဂရုစိုက်ရပေမည်။
မှတ်တမ်းမှတ်ရာကို မှတ်တမ်းတင်ရန် ရဲစခန်းသို့သွားပြီးနောက် ရဲများက လီယင်ဇီ နှင့် ကျန်းစစ်မင်ကို ထွက်ခွာခွင့်ပြုခဲ့သည်။
လောင်ဖန်ကတော့ အထဲမှာ ရှိနေဆဲပင်ဖြစ်သည်။
သူ့ကို စွပ်စွဲထားသည်များမှာ ပြင်းထန် လှသည်ဖြစ်ရာ တတ်နိုင်သမျှ ကြိုးစားရုံသာ။
အခုထွက်လာနိုင်မယ် ထွက်မလာနိုင်ဘူး ဆိုတာကိုတော့ မပြောတတ်ပေ။
မကြာသေးမီနှစ်များအတွင်း လူ့အဖွဲ့အစည်းတွင် သူ့ကိုတွေ့ဖို့ရာ မဖြစ်နိုင်တော့ပေ။
"မစ္စတာကျန်း၊ ဒီနေ့တော့ ရှင့်သူငယ်ချင်းရှိနေတော့ အနှောက်အယှက် မပေးတော့ဘူး။ ရှင်အားမှပဲ ကျမ ရှင့်ဆီ လာလည်တော့မယ်။ ရှင် ကျမနဲ့အတူ သိုင်းပညာ သင်မယ်လို့ ကတိပေးထားတယ်မို့လား။"
လီရှန်းရွှယ်က ပြုံးပြုံးလေး ပြောလေသည်။
ကျန်းစစ်မင်က ကူကယ်ရာမဲ့စွာဖြင့်
“မင်း အဲဒါကို မှတ်မိနေမယ်လို့ ငါ ထင်မထားဘူး”
ဟု ပြောလိုက်လေသည်။
"ဒါပေါ့… မစ္စတာကျန်း၊ ရှင် ဒီအတွက်တော့ နောင်တမရဘူး မို့လား?"
"ဟုတ်တာပေါ့ ဘယ်ရပါ့မလဲ၊ ငါအချိန်ရတဲ့အခါ မင်းနဲ့ဆွေးနွေးမယ်လေ၊ နောက်မှ တွေ့မယ်နော်"
ရဲစခန်းမှ ထွက်ခွာပြီးနောက် ကျန်းစစ်မင်သည် လီယင်ဇီကို သူမနေထိုင်သည့် နေရာသို့ ပြန်ခေါ်သွားပြီး နေ့လယ်စာ ၂ ဗူး ဝယ်ယူခဲ့လေသည်။
ဒီနေ့တော့ ကျောက်ပုဇွန်စားချင်စိတ်ပါ ပျောက်ကုန်ပြီဖြစ်သည်။
လီယင်ဇီသည် ထိုမျှလောက် ထိုးနှက်ခံခဲ့ရသည်ဖြစ်ရာ ပုဇွန်စားရန်ပင် မလိုအပ်တော့ပေ။
"စိတ်မကောင်း ဖြစ်မနေပါနဲ့တော့၊ ဒီနေ့ လောင်ဖန်ရဲ့မျက်နှာအစစ်အမှန်ကို မင်းမြင်ခဲ့ရ တာကိုပဲ ကျေးဇူးတင်ရမယ်။ သူစိတ်နဲ့သူလုပ်တာလေ။ မင်းကဘာလို့ အပြစ်ရှိသလို ခံစား နေတာလဲ။"
ကျန်းစစ်မင်သည် လီယင်ဇီ၏ အိမ်ရှိ ဆိုဖာပေါ်တွင်ထိုင်၍ အစားအသောက်များကို ကောက်ယူကာ ပလုတ်ပလောင်း စားရင်း ပြောနေသည့် စကားများမှာ လုံးလုံး လျားလျား နှိမ့်ချလွန်းနေသည်။
"ဒါပေမယ့် သူသာ ထောင်ကျသွားပြီး၊ အဲ့ဒီအကြောင်းကို သူ့မိသားစုကသိသွားခဲ့ရင် ဒါက အတော်လေးကို ဝမ်းနည်းစရာကောင်းတယ်”
လီယင်ဇီသည် ထိုအကြောင်းအရာကို စဉ်းစားတွေးတောရင်း ရုန်းကန်နေရပြီး ထိုလူ ထောင်ကျသွားခြင်းသည် သူမအတွက် အတော်လေး ပြင်းထန်ပုံရလေသည်။
ကျန်းစစ်မင်သည် သူ့လက်ထဲမှ တူကို ချလိုက်ပြီး
"စဉ်းစားကြည့်စမ်း၊ ဒီနေ့ ငါသာ ဒီမှာ မရှိရင် သူ အဓမ္မပြုကျင့်တာမျိုးတောင် ဖြစ်နိုင်တယ်။ ဒီပြစ်မှုဟာ ပို မပြင်းထန်ဘူးလား၊ ၁၅ နှစ်ကျော်ကျော်လောက် ပြစ်ဒဏ်ချလို့ရမယ်။”
"သေလိုက်ပါ့လား၊ ငါ သူ့အကြံအစည် မအောင်မြင်အောင် လုပ်မှာပေါ့ဟ!"
လီယင်ဇီက ဒေါသတကြီး ပြောသည်။
"ဒါဆိုလဲ ပန်းဆိုင်ပိုင်ရှင်ကို တွေးကြည့်စမ်း၊ ဘယ်လောက်တောင် သနားစရာကောင်းလဲ၊ ဒီကောင် ဘယ်လိုတွေ လုပ်ခဲ့လဲတော့ မသိဘူး၊ ဟုတ်တယ်မဟုတ်လား"
ကျန်းစစ်မင်က ထပ်မေးလိုက်သည်။
လီယင်ဇီသည် ယခုတစ်ကြိမ်တွင် ဘာမှပြန်မပြောတော့ဘဲ ခဏငြိမ်သက်သွားကာ နောက်ဆုံးတွင် စားပွဲပေါ်ရှိ သူတို့ ဝယ်လာခဲ့သော နေ့လည်စာကို ကောက်ယူလိုက်ပြီး ကျန်းစစ်မင်နှင့် အတူစားလိုက်သည်။
"ငါ စဉ်းစားပြီးပြီ၊ မနက်ဖြန် စတော့အိတ်ချိန်းကို သွားပြီး အလုပ်ထွက်စာ တင်ခဲ့မယ်၊ ပြီးရင် နင့်ဆီမှာ ငါအလုပ်လုပ်မယ် ရှောင်မင်ဇီ၊ နင်ငါ့ကို လိမ်ရင်တော့ ရှေ့လျှောက် ထောက်ပံ့ဖို့သာပြင်ထားတော့။"
"ငါတော့ သွားပါပြီ၊နင်က အတော်လေးကို အကျင့်ယုတ်တာနော်၊ တစ်နှစ်ကို လစာ ၁၀သန်းကလည်း ပေးရအုံးမယ်၊ စွန့်စွန့်စားစား အလုပ်မှန်သမျှကိုလည်း ခံနိုင်ရည် ရှိရအုံးမယ်။ ဒီလိုလှပတဲ့ အချင်းအရာမျိုးတွေ ကမ္ဘာကြီးရဲ့ ဘယ်နားမှာ သွားရှာရပါ့မလဲ"
ကျန်းစစ်မင်က ပုံကြီးချဲ့၍ ကကျိုးကကြောင် ပြောလေသည်။
"ဒီမှာ တွေ့နေပြီလေ၊ နင့် အဖွဲ့ခေါင်းဆောင်အနေနဲ့ ခန့်ထားတဲ့ ငါ့ကိုလေ ငါ့ကို။"
လီယင်ဇီက ဂုဏ်ယူစွာ ပြန်ပြောလေသည်။
"အေးပါ၊ နင်သာ အလုပ်ထွက်လိုက်။ စိတ်ပူမနေနဲ့၊ ဒီကိစ္စမှာ နင့်ကို သေချာပေါက် မလှည့်စားဘူး၊ ဒီအစ်ကိုအတွက် ပိုက်ဆံအများကြီးရအောင်လုပ်ပေးဖို့ နင်က စောင့်နေ ပေးရုံလေးပဲ!"
ကျန်းစစ်မင်က ရယ်လိုက်သည်၊ နောက်ဆုံးတော့ သူ့အကြံအစည်တွေ အောင်မြင်သွားပြီ။
လီယင်ဇီ၏ အိမ်မှ ထွက်လာပြီးနောက် ကျန်းစစ်မင်သည် သူ့ကားကိုမောင်း၍ အိမ်ပြန်ခဲ့ လေသည်။
သုံးရက်မြောက်နေ့တွင် လီယင်ဇီသည် ငွေချေးကုမ္ပဏီမှ အလုပ်ထွက်ခဲ့ပြီး ကျန်းစစ်မင် နှင့်အတူ စီးပွားရေး အဆောက်အအုံတစ်ခုကို ရှာဖွေခဲ့ပြီး ကုမ္ပဏီလိပ်စာအဖြစ် ရုံးခန်းကို ငှားရမ်းခဲ့လေသည်။
အဲဒီနောက်မှာတော့ ကျန်းစစ်မင်က ဘာကိုမှ ဂရုမစိုက်တော့ပေ။
ကုမ္ပဏီကို ပြန်လည်မွမ်းမံ၍ လူသစ်များခေါ်ယူပြီးနောက် ကျန်းစစ်မင်သည် လီယင်ဇီအား ငွေပေးချေသည့် ကိစ္စမှတပါး အခြားကိစ္စရပ်မှန်သမျှအတွက် အာဏာကုန်လွှဲအပ် လေတော့သည်။
လီယင်ဇီသည် စိတ်ချယုံကြည်ကိုးစားရခြင်းမရှိသော သူဌေးနှင့်တွေ့ပြီးသည့်သကာလ အရူးတစ်ယောက်လို အော်ဟစ်ငြီးငြူနေခဲ့လေတော့သည်။
ထိုသို့ ငြီးငြူနေခဲ့သော်ငြားလည်း သူမသည် ကျန်းစစ်မင် ပေးအပ်သည့် တာဝန်များကိုမူ သေချာ အလေးအနက်ထားပြီး စေ့စေ့စပ်စပ်လုပ်လေသည်။
ကျန်းစစ်မင်က သူမအား ရှေးဦးစွာ ကုမ္ပဏီအတွင်းပိုင်းအပြင်အဆင်များ ပြုလုပ်ရန် နှင့် ကုန်သည်များကိုရှာဖွေရန် တောင်းဆိုခဲ့သည်။
သူတို့အနေဖြင့် စတော့ဈေးကွက် ပြိုင်ဆိုင်မှု ပထမအကျော့ကို စတင်လိုကြသည်။
စတော့ရှယ်ယာဈေးကွက်တွင် စီးပွားရေးကျဆင်းမှုကြောင့် ကုန်သည်အများအပြားမှာ အလုပ်လက်မဲ့ပြဿနာနှင့် ရင်ဆိုင်နေရပြီး လစာနှုန်းမြင့်မားသော လူသစ်စုဆောင်းမှုများ ကိုလည်း အလျင်စလို လုပ်ဆောင်နေကြသည်။
ထိုသို့ဖြစ်ရာ ဒီတာဝန်မှာ လီယင်ဇီအတွက် မခက်ခဲလှပေ။
ကုမ္ပဏီ မော်ဒယ်ကို ရက်အနည်းငယ်အတွင်း ရရှိနိုင်မည်ဟု မျှော်လင့်ရသည်။
ကျန်းစစ်မင်သည် တစ်ရက်တာ အလုပ်များပြီးနောက် သူဌေးဖြစ်လာပြန်သည်။
သူသည် ကုမ္ပဏီမှ ထွက်လာပြီးနောက် သူဝယ်လိုသော စတော့ရှယ်ယာကို လီယင်ဇီထံ သတင်းပို့ရန် စောင့်နေခဲ့သည်။
······
ယနေ့, ကျန်းစစ်မင်သည် ကျောင်းရွှမ်ထံမှ မစ်ရှင်တစ်ခု လက်ခံရရှိခဲ့သည်။
သူမသည် ဒီနေ့ အချိန်ပိုအလုပ်ဆင်းရပြီး ကျန်းစစ်မင်အား သမီးဖြစ်သူကို ကျောင်းသွားကြိုပေးဖို့ တောင်းဆိုခြင်း ဖြစ်သည်။
ကျောင်းရှိုရှို၏ ခေါင်းကိုင်ဖခင် ကျန်းစစ်မင်သည် တုံ့ဆိုင်းမနေဘဲ သူမ အတန်းမဆင်း မီ နှစ်နာရီအလိုကတည်းက ကျောင်းတံခါးဝတွင် စောင့်ဆိုင်းနေခဲ့သည်။
ကျောင်းရှိုရှိုသည် ကျောင်းလခ အလွန်စျေးကြီးသော ရှန်ဟိုင်းရှိ ပုဂ္ဂလိက နိုင်ငံတကာ ဘာသာစကားကျောင်းတွင် တက်ရောက်နေခြင်း ဖြစ်သည်။
များသောအားဖြင့် နာမည်ကြီး များနှင့် ချမ်းသာသော စီးပွားရေးသမားများ၏ သားသမီး တော်တော်များများ တက်ရောက် ကြသောကျောင်းဖြစ်လေသည်။
၎င်းသည် မင်းမျိုးစိုးနွယ်စုဝေးရာ တော်ဝင် ကျောင်းတစ်ခု ဖြစ်လေသည်။
ကျန်းစစ်မင် ရောက်ရှိချိန်၌ ကျောင်းရှေ့တွင် အခြားမိဘများမရှိပေ။ သူရောက်နေတာ စောလွန်း၍လည်း ဖြစ်နိုင်သည်။
ကျောင်းတံခါးဝမှ လန်းလန်းစာဖတ်နေသည့် ကလေးများ၏အသံကိုကြားတော့ ကျန်းစစ်မင်သည် အတိတ်ကို အလွန်တမ်းတမိသည်။
အတိတ်မှာတုန်းက လွတ်မြောက်ဖို့ တောင့်တခဲ့သည့် ဤနေရာမှာ အခုအချိန်တွင် ပြန်သွားချင်ပေမယ့် ဘယ်တော့မှ ပြန်မသွားဖို့ စိတ်ကူးယဉ်ထားတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပြီ။
ကျောင်းတက်စာဖတ်သည့်အရွယ်သည် အကောင်းဆုံးအချိန်ဖြစ်လေသည်။
ကျန်းစစ်မင်သည် ဤစာကြောင်းကို ယခင်က နားမလည်ခဲ့သော်လည်း ယခုအခါ ၎င်းကို နားလည်ချိန်မှာတော့ ကျောင်းကို နှုတ်ဆက်ထွက်ခွာခဲ့ပြီး ဖြစ်သည်။
"ငါတကယ့်ကို ကျောင်းထဲ ဝင်ကြည့်ချင်မိတယ်။"
ကျန်းစစ်မင်စိတ်ထဲ ကျောင်းထဲသို့ဝင်၍ လှည့်ပတ်ကြည့်ချင်နေလေသည်။
သို့သော် ကျောင်းအ၀င်ဝတွင် လုံခြုံရေး တင်းကြပ်ထားသည်။
လုံခြုံရေးအစောင့် လေးယောက်ရှိသည်။ ပင်မတံခါးကနေ ဝင်ဖို့ စဉ်းတောင် မစဉ်းစားလေနဲ့။
တက္ကသိုလ်က ဒီလိုပုဂ္ဂလိက အလယ်တန်းကျောင်းထက် ပိုကောင်းနေတာတော့ မဟုတ်ပေ။
တက္ကသိုလ်က လုံခြုံရေးများဆိုလျှင် သူတို့လက်ထဲ စီးကရက်နှစ်ဘူး ထည့်ပြီး ကားကောင်းကောင်းကို မောင်းဝင်လိုက်ရုံပဲဖြစ်သည်။
ဒီလိုကျောင်းမျိုးက ကလေးများမှာမူ ချမ်းလည်းချမ်းသာ သုံးနိုင်စွဲနိုင်သည်လည်း ဖြစ်ကြပေရာ လုံခြုံရေးအစောင့်များမှာ ဇိမ်ခံကားများကို ဘယ်လောက်တွေ့သည်ဖြစ်စေ ထူးပြီး စိတ်ယိုင်စရာ မရှိတော့တာ သေချာသည်။
ကျောင်းနံရံကိုကြည့်လိုက်သည့်အခါ ခြောက်မီတာ သို့မဟုတ် ခုနစ်မီတာလောက် မြင့်ပုံရပြီး ကျန်းစစ်မင်အတွက်တော့ ပြဿနာမရှိလှပေ။
တံခါးကို တိတ်တဆိတ်ဖြတ်သွားရင်း၊ ကျန်းစစ်မင်သည် ကင်မရာ အသေတပ်ထားသည့် နေရာကို တွေ့ရှိခဲ့သည်။
သို့သော်လည်း ထိုနေရာတွင် တံတိုင်းမှာ အမြင့်ဆုံးဖြစ်ပြီး၊ ရှစ်မီတာ သို့မဟုတ် ကိုးမီတာ အပြည့်ဖြစ်လေသည်။
သာမန်လူတစ်ယောက်အဖို့ ကျော်တက်ဖို့နေနေသာသာ လှေကားဖြင့် တက်ရတာ သူ့အတွက် ပိုလွယ်ကူပြီး ပြန်ဆင်းသည့်အခါ ခြေထောက်များကို ရိုက်ချိုးသလို ဖြစ်ပေလိမ့်မည်။
ကျန်းစစ်မင်သည် ပတ်ပတ်လည်ကို လှည့်ကြည့်ကာ ဘယ်သူမှ မရှိတာ သေချာမှ ခြေလှမ်းသွက်သွက်ဖြင့် နံရံဆီသို့ အပြေးအလွှားသွား၍ သူ့ခြေထောက်များကို ကန်ထုတ်လိုက်ရာ သူ့ခန္ဓာကိုယ်မှာ ကမ္ဘာမြေဆွဲငင်အားမှ လွတ်ထွက်သွားသလိုမျိုး ခုန်တက်လာသည်။
ဤနေရာတွင် ယခင်က အလယ်အလတ်မျိုးရိုးဗီဇဆေးကိုသာ သောက်ခဲ့သော ကျန်းစစ်မင်ဖြစ်ခဲ့မည်ဆိုလျှင် ၎င်းခုန်တက်သည့် အကွာအဝေးသည် ကိုးမီတာနီးပါး ရှိသော နံရံကိုဖြတ်ကျော်ရန် လုံလောက်မည်မဟုတ်ပေ။
သို့သော် မကြာသေးမီက၊ ယင်နှင့်ယန်ကို လုံ့လဝီရိယကြီးစွာ လေ့ကျင့်ခဲ့မှုကြောင့် ကျန်းစစ်မင်၏ ကိုယ်ကာယကြံ့ခိုင်မှုသည် ယခင်ကထက် ပိုမိုသန်မာလာခဲ့သည်။
သူ့လက်နှစ်ဖက်ကို လွှဲ၍ အပြည့်ခုန်လိုက်ရာ နံရံအစွန်းသို့ အလွယ်တကူ တက်လှမ်း နိုင်ခဲ့သည်။
ကျန်းစစ်မင်သည် ကျွမ်းဘားသရုပ်ပြသလိုမျိုး နံရံဘက်သို့လှည့်၍ ဖြည်းဖြည်းမှန်မှန် ဆင်းလာခဲ့သည်။
"ဟား~ ကျောင်းနံရံကလည်း အကျဉ်းထောင်ကြလို့။ အတော်လေး တင်းကျပ်တာပဲဟ။"
ကျန်းစစ်မင်သည် သူ့လက်မှ ဖုန်မှုန့်များကို ပုတ်ခါလိုက်သည်။
ကျောင်း၏ ရှုခင်းသာသောနေရာသို့ ပေါ့ပေါ့ပါးပါး လမ်းလျှောက်လာရင်း ကျန်းစစ်မင်သည် ဤပုဂ္ဂလိကကျောင်း၏ ကောင်းမွန်သော ပတ်ဝန်းကျင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်၊
ရိုမန်တစ်ဆန်ပြီး ဇိမ်ကျသောနေရာတွင် ဒီလိုမျိုး idol ကျောင်းဒရာမာကို သူ ရိုက်ကူးနိုင်ခဲ့လေပြီ။
ကျန်းစစ်မင်သည် ခြေဦးတည့်ရာသွားရင်း လမ်းတွင် ဖြတ်သွားသော ဆရာအချို့နှင့် တွေ့ဆုံခဲ့သည်။
သူတို့သည် ကျန်းစစ်မင်ကို ဤကျောင်းမှ ဆရာဟု မှတ်ထင်ခဲ့ကြပြီး သံသယမရှိခဲ့ကြပေ။
:::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။