Ep 4 (U)

18.1K 1.9K 362
                                    

သော်ကတို့ ကော့သောင်းမြို့သို့ရောက်နေကြတာ သုံးလေးရက်မျှရှိနေခဲ့ပြီ။ ဖေဖေက ကုမ္ပဏီအလုပ်တွေနှင့်မို့ လိုက်မပို့နိုင် မေမေကလည်း ညီမလေးကျောင်းမပျက်စေချင်၍ နေခဲ့ကြရသည်။

"Bo boy ပင်လယ်ထဲ လုံးဝမဆင်းနဲ့နော်"

"ဟုတ်ကဲ့ မေမေ"

"ကိုကိုကြီးကိုလည်း မေမေမှာထားဦးမယ်"

မေမေက သော်ကအား နေ့တိုင်းဖုန်းဆက်၍ သတိပေးသည်။ အောင်စံဖြိုးက အပျော်စီးသင်္ဘောစီးချင်နေသဖြင့် သော်ကတို့ နောက်နှစ်ရက်နေလျှင် ကျွန်းတွေဆီသို့သွားမည့်အကြောင်းကိုတော့ မေမေစိတ်ပူမှာစိုး၍ မပြောဖြစ်တော့ပါ။ သော်က ကိုယ်တိုင်လည်း သွားချင်နေရသည်မို့ ဖေဖေ့ကိုတော့ လှမ်း၍ ခွင့်တောင်းထားပြီးနှင့်ပြီ။

ပင်လယ်ဘက်ရောက်ခဲ့ပေမယ့် မေမေ့စကားနားထောင်ကာ ပင်လယ်ထဲမဆင်းမိ။ လှိုင်းပုတ်သံ လေတိုးသံများကို အာရုံစိုက်၍နားထောင်ကြည့်သော်လည်း သော်က ကြားနေကျ အုတ်တံတိုင်းဆီမှ အသံနှင့်လုံးဝမတူပေ။ ရှုရှိုက်ဖူးသော ပင်လယ်၏ရနံ့သည်လည်း ကွဲပြား၍နေ၏။

"ကော့သောင်းက တော်တော်လှတာပဲကွ... ဒီနား တစ်ဝိုက်ကကျွန်းတွေကို ဖူးခက်လိုမျိုး Tourist attractions နေရာတွေဖြစ်အောင် သေချာလေးလုပ်ထားရင်ကောင်းမှာပဲ"

အောင်စံဖြိုး၏အပြောကို သော်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် မြန်မာနိုင်ငံက ကျွန်းတွေက ထိုင်းက ဖူးခက် တို့ မလေးရှားက လန်ကာဝီတို့ထက်တောင် ပိုလှသေးတယ်"

သော်က၏ ဖေဖေနှင့် မေမေ့အစ်ကို လေးလေးကြီးတို့က မြိတ်,ထားဝယ်,ကော့သောင်း တဝိုက်တွင် ဟော်တယ်နှင့် အပျော်စီးသင်္ဘော လုပ်ငန်းများလုပ်ကိုင်ကြခြင်းဖြစ်၏။

ညနေဘက် ကော့သောင်းမြို့ထဲတွင် လျှောက်လည်ကြရင်း လူရှုပ်သည့်တစ်နေရာ၌ သော်က မထင်မှတ်ဘဲ လူကြီးတစ်ဦးနှင့် မျက်နှာချင်းဆိုင်တိုက်မိသွားရသည်။

"အိုး! တောင်းပန်ပါတယ် ခင်ဗျာ"

ထိုလူကြီးက သော်ကအား စူးစူးစိုက်စိုက်ကြည့်လာသဖြင့် သော်ကလည်း ပြန်ကြည့်မိသွားရသည်။ အဖြူဘက်ရောချင်နေသော ငွေမှင်ရောင် ဆံပင်ရှည်များကို နောက်တွင်စုစည်းထားပြီး ထောင်ထောင်​မောင်းမောင်းနှင့် ဥပဓိရုပ်ကောင်းလွန်းလှသော ထိုလူကြီးအား သော်က ဘယ်မှာမြင်ခဲ့ဖူးမှန်းမသိပေ။ သော်ကအား ခေါင်းတစ်ချက်ညိတ်ပြကာ ထွက်ခွါသွားသည့် ကျောပြင်ကျယ်ကြီးအား လိုက်ငေးနေမိ၏။

Our Neverland Where stories live. Discover now