Ep 27 (U)

15.4K 1.6K 155
                                    

မှေးမှိတ်ထားသည့် မျက်တောင်ရှည်များက ထူထူထဲထဲနှင့် အိပ်ပျော်နေသည့်အချိန်မှာပင် ကြည့်၍ကောင်းနေသေးသည်။ အမြဲတမ်းတင်းတင်းစေ့ထားတတ်သည့် နှုတ်ခမ်းအစုံက အိပ်မောကျနေချိန်မှာတောင် ပွင့်ဟနေခြင်းမရှိ တည်တံ့လွန်းလှသည့်သူ။ ဖြောင့်တန်းနေသည့် နှာတံစင်းစင်းကို လက်ညှိုးနှင့်တို့ထိချင်စိတ်အား ထိန်းထားရင်း သက်ပြင်းကိုဖွဖွချနေရသူက သော်က။ မောပန်းနွမ်းနယ်နေဟန်မရှိသော်လည်း အိပ်ပျော်နေသည့် ခေတ်၏မျက်နှာက အနည်းငယ်ဖြုဖျော့ချင်နေသည်။

ငေးမဝနိုင်သည့် မျက်နှာချောချောဆီမှ အကြည့်ခွါရင်းလည်ပင်းဆီမှ နီစွေးစွေး အမှတ်သားတို့ကိုမြင်တော့ ရင်ထဲ၌ လှိုက်ဖိုနွေးထွေးလာရပြန်၏။ မနေ့ညက အလွမ်းကျွံ၍ အချစ်နွံထဲ နစ်ဝင်ခဲ့ကြပြီးနောက် အိပ်ပျော်သွားသည့်မျက်နှာကလေးအား သော်က မိုးလင်းပေါက်ထိုင်ကြည့်နေခဲ့မိသည်။

မမြင်ရလျှင် လွမ်းလာသည်။ မြင်လိုက်ရတာနှင့် ထိတွေ့ပွေ့ဖက်ချင်လာသည်။ ထိတွေ့လိုက်သည်နှင့် တက်မက်လာရပြန်သည်။ နူးနူးညံ့ညံ့ပဲနမ်းနမ်း ကြမ်းကြမ်းရမ်းရမ်းပဲ ချစ်ချစ်... လိုအင်တိုင်းကိုအဆုံးထိအလိုလိုက်တတ်သူက "မင်းပိုချစ်အောင်လို့" ဟူသည့်စကားတစ်ခွန်းဖြင့် နှလုံးသားကိုအမြဲခြွေယူတတ်သည်။ ဘယ်လိုများခွဲထားရက်နိုင်ပါ့မလဲ ခေတ်ရယ်။

ခေတ်က ပက်လက်အနေအထား အိပ်ပျော်နေရာမှ ကိုယ်ကိုတစ်စောင်းစောင်းလိုက်ပြီး နံဘေးသို့လက်ဖြင့်စမ်းကြည့်သည်။ လွတ်နေသော နေရာကိုသတိထားမိသွားတော့ အိပ်နေရာမှ ဝုန်းခနဲထထိုင်လိုက်သည်မှာ အလန့်တကြား။

"ခေတ်! ခေတ်! ... ဖြည်းဖြည်း... ငါရှိတယ်... ဒီမှာ"

သော်က ခုတင်ဘေးရှိခုံတွင် ထိုင်နေရာမှ ခုတင်ပေါ်သို့ရွှေ့ထိုင်၍ ခေတ်၏ ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။ ခေတ်က သော်ကကိုတွေ့မှ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။ သော်က ရုတ်တရက်ပျောက်သွားပြီအထင်နှင့် လန့်သွားခြင်းဖြစ်လိမ့်မည်။

ဘယ်လိုလုပ်ကြမလဲခေတ်ရယ်... ဒီပုံနဲ့ တကယ်ကို ဘယ်လိုလုပ်ကြပါမလဲ။

Our Neverland Where stories live. Discover now