Ep 5 (Z)

4.6K 146 1
                                    

"တောက်! မင်း!!"

တော်ဝင်မင်းသားများကဲ့သို့သော အဝတ်အစားနှင့် မျက်စိရှေ့တွင် ရှိနေသူက သွေးစို့သွားသည့် နှုတ်ခမ်းထောင့်စွန်းကို လက်မနှင့်ဖိပွတ်လျှက် သော်ကအား ဒေါသမျက်လုံးများဖြင့် ကြည့်နေသည်။ သော်ကတို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေမိသည်မှာ အတန်ကြာသည်အထိ။ ထိုသူသည် သော်ကနှင့်ရွယ်တူလောက်ရှိပုံရပြီး ရုပ်ရည်ကအတော်လေးချောမောပြေပြစ်သည်ကို သတိထားမိရ၏။ သော်က အခုမှပတ်ဝန်းကျင်ကို စူးစမ်းဖို့ သတိရမိသွားသည်။

သော်က ရေလယ်ခေါင်ရှိ ကျောက်ဖျာတစ်ခုပေါ်တွင်ရောက်နေပြီး ပတ်ပတ်လည်တွင် ခမ်းနားသောအပြင်အဆင်နှင့် စက်လှေများဝန်းရံနေကြသည်။ အဆောင်အယောင်မျိုးစုံနှင့် လူအမျိုးမျိုးတို့သည် တူရိယာများကို တီးမှုတ်၍ သော်ကတို့ရှိရာသို့မျှော်ကြည့်နေကြ၏။

"မင်းက ဘယ်သူလဲ... ငါကရော ဘာလို့ ဒီနေရာကိုရောက်နေရတာလဲ... တခြားသူတွေကရော... လေးလေးကြီးတို့က ဘယ်မှာလဲ"

သော်က ပတ်ပတ်လည်အား စူးစမ်းလျှက် သင်္ဘောနှင့် ကျန်လူများအား ရှာဖွေနေရသည်။ မျက်စိရှေ့တွင် ရှိနေသူက ထိုင်ရာမှထလိုက်ပြီး ခပ်ဆတ်ဆတ်လေသံဖြင့်...

"ငါ့နာမည်က ခေတ္တရာမင်းဥာဏ်... ဒီတိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသား... မင်းအခုထပြီး ငါ့နောက်လိုက်ခဲ့"

ထိုသို့ပြော၍ သော်ကရှေ့မှလှည့်ထွက်သွားကာ သစ်သားတံတားတစ်ခုအား ဖြတ်နင်း၍ စက်လှေပေါ်သို့တက်သွားသည်။ သော်ကမှာ ပစ္စုပ္ပန်အား ဖမ်းဆုပ်၍မမိနိုင်သေးပေ။ မတ်တပ်ရပ်၍ ကျောက်ဖျာစွန်းတွင်ရပ်ကာ ခါးထောက်လိုက်ပြီး လူအုပ်များကြားတွင် လေးလေးကြီးနှင့် အောင်စံဖြိုးတို့အား ရှာဖွေနေမိသည်။

သော်က မတ်တပ်ရပ်လိုက်သည်နှင့် တူရိယာတီးမှုတ်သံတွေမှာ ပို၍ကျယ်လောင်လာကြပြီး ဩဘာပေးသံများလည်းညံနေကြ၏။ ပင်လယ်လေတိုးတိုက်မှုကြောင့် စိမ့်အေးသွားခါမှ သော်က၏ခန္ဓာကိုယ်အထက်ပိုင်းတွင် အင်္ကျီမပါမှန်း သတိထားမိသွားရသည်။ ပတ်ပတ်လည်တွင်လည်း ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ကြီးသာတွေ့ရသည်။

Our Neverland Where stories live. Discover now