Ep 6 (U)

19.5K 2K 240
                                    

အက်ဒယ်လင်း တော်ဝင်နန်းတော်ဟု ခေါ်ကြသော ခမ်းနားကြီးကျယ်သည့် အဆောက်အဦဝန်းကြီးထဲသို့ ကားများကိုထိုးစိုက်လိုက်ကြပြီး ဦးဒီပကအရင် ကားပေါ်မှဆင်းလိုက်သည်။ အစောင့်တစ်ဦးက သော်ကထိုင်နေရာဘက်သို့ ကားတံခါးကိုလာဖွင့်ပေးပြီး နောက်တစ်ဦးက ဖိနပ်တစ်ရံအဆင်သင့်ချထားပေးလာသည်။ ထိုအခါမှ သော်ကခြေထောက်တွင် ဖိနပ်ရှိမနေမှန်းသတိထားမိသွားရ၏။

"ဝတ်ရုံကို ပြန်ခြုံထားရပါမယ် မင်းသားလေး"

ဦးဒီပက ဘေးမှာလာရပ်ကာ သော်ကချွတ်ချထားသော ဝတ်ရုံရှည်အား ကားထဲမှလှမ်းယူ၍ ကိုယ်ပေါ်သို့ပြန်လွှားတင်ပေးလာသည်။

"တော်ဝင်နန်းတော်ရဲ့ စည်းကမ်းတွေထဲမှာ တော်ဝင်မျိုးနွယ်တွေရဲ့ ဗလာဖြစ်နေတဲ့ ကိုယ်ကာယကို တစ်ပါးသူတွေ မလိုအပ်ဘဲမြင်ခွင့်မရှိစေရပါဘူး"

သော်က သက်ပြင်းချလိုက်မိသည်။ ခုမှခြေချရုံရှိသေး စည်းကမ်းချက်တွေက ဆီးကြိုနေနှင့်ပြီ။ နိုင်ငံခြားမှတော်ဝင်မိသားစုတွေ စည်းကမ်းကြီးကြောင်း ကြားဖူးသော်လည်း ကိုယ်နှင့်လုံးဝမသက်ဆိုင်သော အရာများအဖြစ်သာ သော်က က သတ်မှတ်ထားခဲ့သည်။ အခုတော့ ကံကြမ္မာ၏ထူးဆန်းမှုကြောင့် နဖူးတွေ့ ဒူးတွေ့ပင်။

"ဒီဘက်က ကြင်ယာတော်နန်းဆောင်ကိုကြွပါ မင်းသားလေး... လက်မဆက်ရသေးမချင်း အိမ်ရှေ့စံနဲ့ တစ်ဆောင်တည်း အတူမနေရပါဘူး"

"Oh...Thank God!"

သော်က ပါးစပ်မှထုတ်၍ပင် ရေရွတ်လိုက်မိသည်။ မဟုတ်လျှင် ထိုအိမ်ရှေ့စံဆိုသူနှင့် အာရုံတွေနောက်နေရလိမ့်ဦးမည်။ ကြင်ယာတော်ဖြစ်ချင်းဖြစ် မင်းသမီးတစ်ပါးနှင့်ဆိုတော်သေးသည်။ အခုတော့ ကြံကြံဖန်ဖန် အိမ်ရှေ့စံမင်းသားတဲ့။ နေရင်းထိုင်ရင်း Gay ရမည့်အဖြစ်။

ရန်ကုန်က သူငယ်ချင်းများဖြစ်ကြသော ဒေးဗစ်တို့ သျှားတို့သာ သော်ကအဖြစ်ကိုမြင်ပါက "Bo boy... မင်း အနေအထားကြီးနဲ့ကွာ" ဟု ခွက်ထိုးခွက်လန် လှောင်နေကြလိမ့်ဦးမည်ထင်သည်။ ကျောင်းမှ သော်က အီစကလီရိုက်ခဲ့သော ကောင်မလေးများကလည်း " Gee! that's super crazy" ဟု ပါးစပ်ကလေးများကို လက်ဝါးနှင့်အုပ်ကာ အော်ကြလိမ့်မည်။

Our Neverland Where stories live. Discover now