"ခေတ်!!"
တင်းတင်းဆုပ်ကိုင်မိသော လက်ဖဝါးတစ်ဖက်နှင့်အတူ သော်က၏မျက်စိရှေ့တွေမြင်နေရသူက ချစ်ရပါသော "ခေတ်"။
ပတ်ဝန်းကျင်တစ်ခုလုံး မြူမှုန်ကဲ့သို့သောအဖြူရောင်များဖြင့် ဝေဝါးနေလျှက် ခေတ်တစ်ယောက်ကိုသာ ထင်ထင်ရှားရှားမြင်နေရသည်။ တဝှီးဝှီးတိုက်ခတ်နေသောလေနှင့် လှုပ်ခတ်နေသောအဝတ်အစားများကြောင့် ပင်လယ်ဘက်တွင်ရောက်နေသည်ကို သော်ကသတိထားမိလိုက်သည်။
"Bo boy!"
ခေတ်က မယုံကြည်နိုင်ဟန်ဖြင့် သော်က၏လက်ကိုတင်းတင်းဆုပ်ကိုင်ထားသည်။ ထို့နောက် သော်ကအားတိုးဝင်ဖက်တွယ်လာ၏။ လေတိုက်သံ လှိုင်းပုတ်သံတဝှီးဝှီးကြားတွင် ပတ်ဝန်းကျင်ရှိအဖြူရောင်အဝန်းဝိုင်းကြီးသည် တစ်ဖြည််းဖြည်းကျုံ့လာသည်ကိုတွေ့ရ၏။ သော်က နောက်သို့လှည့်ကြည့်လိုက်မိသည်။ မြက်ခင်းပြင်တစ်ခုကိုခပ်ရေးရေးမြင်နေရ၏။ သော်ကတို့ခြံထဲရှိ မြက်ခင်းပြင်မှန်း သိလိုက်ရသည့်အချိန်တွင် မိုက်ရူးရဲဆန်သည့်အတွေးတစ်ခုက ခေါင်းထဲသို့ဖျတ်ခနဲ ဝင်ရောက်လာခဲ့သည်။ သော်ကတို့၏ ဆက်နွယ်မှုကို ယုံကြည်စွာဖြင့် စမ်းသပ်ကြည့်ချင်သည်။
အဖြူရောင်မြူမှုန်အဝန်းအဝိုင်းကြီး သေးငယ်၍ပျောက်ကွယ်မသွားခင် ခေတ်၏ခန္ဓာကိုယ်ကိုအားတင်းကျပ်နေအောင်ဆွဲဖက်၍ သော်က နောက်သို့လှိမ့်ချပစ်လိုက်သည်။
"အ!"
ခေတ်ဆီမှ အော်သံတိုးတိုးထွက်လာပြီးသည့်နောက်တွင် ဆူညံနေသောလှိုင်းပုတ်သံများ တိခနဲရပ်ကျသွားပြီး လေသည်လည်း ချက်ချင်းငြိမ်လို့သွား၏။ သော်က စိတ်လှုပ်ရှားစွာဖြင့် ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်သည်တွင် နောက်ဘက်ရှိ သော်ကတို့အိမ်ကြီးကို မီးအလင်းရောင်များကြား၌ မြင်လိုက်ရတော့သည်။
"ခေတ်!"
ခုချိန်ထိရင်ခွင်ထဲ၌ ရှိနေသေးသော ခေတ်အား လွတ်ထွက်၍ ပျောက်ကွယ်သွားမှာစိုးထိပ်သဖြင့် အားနှင့် ကျစ်နေအောင်ဖက်ထားမိသည်။
"အင့်! Bo boy ခဏဖယ်ဦး... ငါတို့ ဘယ်ကိုရောက်နေတာလဲ"
ခေတ်က သော်ကလက်ထဲမှ ရုန်းထွက်ရင်း ပတ်ဝန်းကျင်ကိုအကဲခတ်သည်။ သော်ကတို့ အိမ်ကြီးနှင့် ခြံစည်းရိုးအုတ်တံတိုင်းအား တွေ့လိုက်ရတော့ ခေတ်မျက်နှာက အံ့ဩထိပ်လန့်သွားဟန်ပေါ်လာသည်။ ခေတ်က အလျှင်စလိုဖြင့် မြက်ခင်းပေါ်မှ လက်ထောက်၍ကုန်းထလိုက်သည်။
YOU ARE READING
Our Neverland
RomanceMyanmar Boy Love Fiction ပင်လယ်ထဲမှာ ခရီးသွားရင်း မထင်မှတ်ဘဲ Black Hole ကြီးကနေလမ်းပျောက်ပြီး မြေပုံထဲမှာ ပျောက်နေတဲ့ Lost Country ထဲကိုရောက်သွားတဲ့ Boboy ဆိုတဲ့ကောင်လေးတစ်ယောက်... Lost Country က အိမ်ရှေ့စံ တော်ဝင်မင်းသားနဲ့ ရုတ်တရက် လက်ထပ်လိုက်ရသ...