Ep 15 (U)

21K 1.9K 716
                                    

"မေမေ!"

ရွှေမိုးသည်းလေးက အိမ်ထဲသို့ အထိတ်တလန့်ပြေးဝင်လာသဖြင့် ဒေါ်မေလွင်လန့်သွားရသည်။

"မီးမီး! ဘာဖြစ်လို့လဲ"

"ပန်းတွေ...ပန်းတွေ နည်းနည်းလေး ညှိုးနေတယ် မေမေ"

"ဟင်"

ရွှေမိုးသည်း၏ အပြောကြောင့် ဒေါ်မေလွင် အလန့်တကြားဖြစ်သွားရကာ အိမ်ရှေ့ဆီသို့ ပြေးထွက်သွားမိ၏။ ဦးသစ်မင်းကလည်း အိမ်ပေါ်ထပ်မှပြေးဆင်းလာသည်။

"ဘာဖြစ်တာလဲ မေ"

"ကိုသစ်! ပန်းတွေက ညှိုးနေတယ်တဲ့"

ဦးသစ်မင်းသည်လည်း အိမ်ရှေ့ခြံထဲသို့ အပြေးအလွှားသွားကာ ခြံစည်းရိုးအုတ်တံတိုင်းဆီမှ သော်ကပန်းများကို ကြည့်လိုက်သည်။ ဒေါ်မေလွင်က နောက်မှပြေးလိုက်လာ၏။

"အမလေး ကျွန်မသားလေး"

သော်ကပန်းများသည် အရင်လိုလန်းလန်းဆန်းဆန်းသိပ်မရှိဘဲ အနည်းငယ်ငိုက်ကျကာ ညှိုးနေကြ၏။

"မေ... ကြည့်ရတာ Bo boy တစ်ခုခု ထိခိုက်ဒဏ်ရာရထားတယ်ထင်တယ်"

ဒေါ်မေလွင်က မျက်စိမျက်နှာပျက်စွာဖြင့် ခြံထောင့်ရှိရေဘုံဘိုင်ဆီသို့ပြေးကာ ရေငုတ်ကိုဖွင့်၍ ရေပိုက်တစ်ခုအား ဆွဲယူလာသည်။ ပါးစပ်မှလည်းဘုရားစာများ တတွတ်တွတ်ရွတ်ဆိုလျှက် သော်ကပင်များကို ရေလောင်းနေသည်။ ပါးပြင်၌လည်း မျက်ရည်များကတလိမ့်လိမ့်ကျလာနေ၏။

"မေ... ဒါက Bo boy သာမန်ထိခိုက်ရှနာသေးသေးလေး ရှိတဲ့အခါလည်းဖြစ်တတ်တာမို့ အရမ်းစိတ်မပူပါနဲ့ကွာ... ကိုယ်တို့သားလေးက အန္တရာယ်ကင်းကင်းနဲ့ရှိနေမှာပါ မေရယ်... လာ... စိတ်အေးအေးထားနော်"

အိမ်ထဲမှ အဘိုးနှင့် အဘွားတို့လည်းထွက်လာပြီး နှစ်သိမ့်ပေးကြသည်။ ဒေါ်မေလွင့်ရင်ထဲမှာတော့ မီးတောက်နေရပြီဖြစ်၏။

"မေမေ့သားလေး အသက်အန္တရာယ်ကင်းပါစေ Bo boy ရေ"

................................................................................

သော်က စာကြည့်ခန်းတွင်ထိုင်၍ ပြတင်းပေါက်ကိုငေးနေမိသည်။ အဖြစ်အပျက်များသည် ထူးဆန်းအံ့ဩစရာကောင်းလွန်းသဖြင့် မယုံနိုင်အောင်ပင်ဖြစ်နေရ၏။

Our Neverland Where stories live. Discover now