Ep 26 (U)

14K 1.3K 145
                                    

"နေ့လယ် ၁၂ နာရီ တိတိ"

ဦးသိဒ္ဓိထံမှ စကားသံကြောင့် သော်ကဆုပ်ကိုင်ထားသော ခေတ်၏ လက်ဖဝါးများက ချက်ချင်းချွေးစို့လာသည်ကို သတိထားမိလိုက်သည်။ သော်က ခေတ်၏ လက်ကိုပို၍တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။

"ဒါဆို Aqua 19 နေ့လယ် ၁၂ နာရီတိတိပေါ့... ဟုတ်လား ဦးလေး"

"ဟုတ်ပါတယ် ကြင်ရာတော်မင်းသားလေး"

တစ်ခန်းလုံးငြိမ်သက်သွားကြသည်မှာ သိသိသာသာ။ သော်ကလက်အတွင်း ဆုပ်ကိုင်ထားသော ခေတ်၏ လက်ဖျားများက ချွေးစို့နေရာမှ အေးစက်လာပြန်သည်။ ခေတ်၏ လက်ချောင်းကလေးများကို နွေးထွေးအောင်ဖိချေပေးနေရင်း သော်ကကိုယ်တိုင် စိတ်လှုပ်ရှားမှုများစွာဖြင့် ခံစားချက်တို့ရောပြွန်းနေရ၏။ အတန်ကြာမှ မယ်မယ်က စ၍ စကားပြောလာသည်။

"အနောက်ဘက် နန်းမြို့ရိုးအုတ်တံတိုင်းမှာ ဘုရင်ကြီးရဲ့ အမှာစာပေါ်လာခဲ့တယ်ဆိုတော့ အဲ့ဒီအုတ်တံတိုင်းကနေပဲ အချိန်ကို ပြန်ပြီးအသိပေးကြရမယ်ထင်တယ်... ဒီလိုဆို ပင်လယ်ထဲဝမှာ Portal ပွင့်သွားတာနဲ့ ဘုရင်ကြီးက ဒီဘက်ကိုဝင်လာလိုက်ရုံပဲ မဟုတ်လား... ပြီးတော့ Bo boy က ဟိုဘက်ကိုသွားပြီး မိဘတွေနဲ့တွေ့ပါ... နောက်နှစ် Auqua လ ပြန်ရောက်တဲ့အခါ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီတိတိမှာ Bo boy ပြန်လာခဲ့ပါ... အဲ့ဒီလိုဟုတ်တယ်မဟုတ်လား"

မယ်မယ့် အပြောကို ဦးသိဒ္ဓိက ခေါင်းခါလိုက်သည်။

"ကျွန်တော်လေ့လာခဲ့ရသလောက် နတ္ခတ်တာရာတွေက တစ်နှစ်နဲ့တစ်နှစ် ပြောင်းလဲနေတာမို့ ဒီလိုပုံသေတွက်ထားလို့မရပါဘူးမယ်မယ်... ဘုရင်ကြီးသိင်္ဃမင်းဉာဏ် ပျောက်သွားခဲ့တဲ့အချိန်က ညနေဘက်ပါ... ပြီးတော့ နှစ်စဉ်နှစ်တိုင်းရော ဒီ Portal က ပွင့်ပါ့မလား ဘယ်သူမှအတတ်မပြောနိုင်သလို ဒီနှစ်ပွင့်လိမ့်မယ်ဆိုတာကလည်း အဲ့ဒီနေ့ရောက်မှပဲသိနိုင်ပါလိမ့်မယ်"

"အကယ်၍ မပွင့်ခဲ့ရင်ရော"

မယ်တော်ကြီးက စိုးထိပ်စွာဖြင့်မေး၏။ ဦးသိဒ္ဓိက သော်ကနှင့် ခေတ်အားလှည့်ကြည့်လာပြီး...

"ဘုရင်မင်းမြတ်နဲ့ ကြင်ရာတော်မင်းသားလေးရဲ့ ဆက်နွယ်မှုကိုသာ အားကိုးရမှာပါပဲ မယ်တော်ကြီး"

Our Neverland Where stories live. Discover now