ကောင်းကင်တစ်ခုလုံးတွင် အချိန်အခါမဟုတ် မိုးသားတိမ်လိပ်တို့ညှို့မှိုင်းနေကြပြီး အက်ဒယ်လင်းမြို့သူမြို့သားများမှာ နေအိမ်များအပြင်သို့ထွက်၍ ကောင်းကင်သို့ မျှော်ကြည့်နေကြသည်။
"ရာသီဥတုက ဘယ်လိုတွေဖြစ်တာလဲ"
"အချိန်မဟုတ်ဘဲ မိုးရွာတော့မယ်ထင်တယ်"
"မဟုတ်ဘူး လေထဲမှာမိုးနံ့မပါဘူး ဒီတိုင်းတိမ်တွေပဲ အရောင်ပြောင်းနေတာ"
"မနက်လင်းကတည်းက နေမပွင့်ဘူး... မနေ့ညက နန်းတော်ဘက်မှာ ရဟတ်ယာဉ်ပျံတဲ့အသံတွေလည်းကြားတယ်တဲ့... ဘာတွေများဖြစ်ကြလဲမသိဘူး"
ထိုအခိုက်တွင် လမ်းထောင့်ရှိအိမ်တစ်အိမ်မှ အဘွားအိုတစ်ယောက်သည် သူမ၏အခန်းရှိရာ ပြတင်းပေါက်ဆီမှ ကောင်းကင်သို့မော့ကြည့်ရင်း ရင်ဘတ်ကိုလက်ဖြင့်ဖိလိုက်သည်။
"အရှင်မိုးနတ်မင်း! ဒီလို ကံကြမ္မာတွေများ တစ်ကျော့ပြန်လည်ဦးမှာလား... မဟုတ်ပါစေနဲ့"
အဘွား၏ သမီးဖြစ်သူသည် အခန်းတွင်းသို့ ဝင်လာရင်းမှ အမေ၏စကားသံကိုကြားလိုက်ရသဖြင့် အမေ့နားသို့ အထိပ်တလန့်ဖြင့်တိုးကပ်သွားသည်။
"အမေ... အခုနက ဘာများပြောလိုက်တာလဲ... ကောင်းကင်က တိမ်တွေအရောင်ပြောင်းနေတာ ဘာနိမိတ်တွေများလဲ အမေရယ်"
အဘွားအိုက လမ်းလျှောက်တုတ်ကောက်ကို တုန်တုန်ချိချိဖြင့် တစ်လှမ်းချင်းထောက်၍ ပြတင်းပေါက်အနီးသို့သွားသည်။ ကောင်းကင်မှတိမ်ညိုတိမ်လိပ်တို့ကို နောက်တစ်ကြိမ်မော့ကြည့်ရင်း...
"ဟုတ်တာပေါ့ ဒီမြင်ကွင်း... တစ်ပုံစံတည်းပါပဲ... ဟဲ့ သမီး... အိမ်မှာဆုတောင်းပွဲ ပြင်စမ်းကွယ်... နန်းတော်က ကြင်ရာတော်မင်းသားလေး ဘေးကင်းဖို့ဆုတောင်းကြရမယ်"
"ဟင်! အမေ ကြင်ရာတော်မင်းသားလေး ဘာများဖြစ်သလဲ အမေရယ်"
သမီးဖြစ်သူမှာ စိုရိမ်ထိပ်လန့်စွာဖြင့် အမေကိုမေးသော်လည်း အဘွားအိုက ခေါင်းခါလိုက်သည်။
"အက်ဒယ်လင်းမှာ ဒီလိုကံကြမ္မာဆိုးတွေ အကြောင်းခဏခဏမပြောကြရဘူး... ဒါကြောင့် ညည်းတို့နောက်လူတွေမသိကြတာ... ဒါပေမယ့် ဆုတောင်းပွဲပြင်လိုက်ပါ... ဟိုးတုန်းက ကျုပ်ငယ်ငယ်တုန်းက ဒီလိုရက်တွေကို မျက်ဝါးထင်ထင် တွေ့ခဲ့ဖူးတယ်... ကောင်းကင်မှာ မိုးမရွာပါဘဲ တိမ်တွေအရောင်ပြောင်းကုန်ပြီး မကြာပါဘူး ကြင်ရာတော် မင်းသားရဲ့ သတင်းဆိုးကိုကြားရတော့တာပဲ... အခုနန်းတက်တဲ့ ဘုရင်ငယ်လေးရဲ့ ကြင်ရာတော်ဟာလည်း ယောက်ျားကလေးပဲမဟုတ်လား...လုပ်ကြ လုပ်ကြ ဆုတောင်းပွဲလုပ်ကြ"
YOU ARE READING
Our Neverland
RomanceMyanmar Boy Love Fiction ပင်လယ်ထဲမှာ ခရီးသွားရင်း မထင်မှတ်ဘဲ Black Hole ကြီးကနေလမ်းပျောက်ပြီး မြေပုံထဲမှာ ပျောက်နေတဲ့ Lost Country ထဲကိုရောက်သွားတဲ့ Boboy ဆိုတဲ့ကောင်လေးတစ်ယောက်... Lost Country က အိမ်ရှေ့စံ တော်ဝင်မင်းသားနဲ့ ရုတ်တရက် လက်ထပ်လိုက်ရသ...