Ep 28 (U)

14.3K 1.4K 169
                                    

"ဘုရင်မင်းမြတ်"

ဦးဒီပ၏ ခေါ်သံက အဝေးမှလာနေသလိုခပ်တိုးတိုးပင်။ ခေတ္တရာခေါင်းထဲ၌ ချာချာလည်အောင်မူးနေ၏။

"အင်း"

"ဘုရင်မင်းမြတ် သတိရပါပြီလား"

ဝေဝါးနေသော အမြင်အာရုံများအား ပြန်လည်ကြည်လင်စေရန်ကြိုးစားရင်း ပတ်ဝန်းကျင်ကိုအကဲခတ်ရသည်။ ခေတ္တရာ သင်္ဘောပေါ်၌ပဲ ရှိနေသည်ကိုသတိထားမိသည်။ သင်္ဘောသည် လှိုင်းပုတ်သည့်ဒဏ်ကြောင့် ယိမ်းထိုးနေ၏။

"ဦးဒီပ"

"ကျွန်တော်တို့အားလုံးရှိပါတယ် ဘုရင်မင်းမြတ်... သင်္ဘောက ကမ်းဘက်ကိုလှိုင်းပုတ်ခံနေရတာပါ... ဟိုးမှာ ကမ်းကိုလှမ်းမြင်နေရပြီ"

ဦးဒီပ၏ အပြောကြောင့် ခေတ္တရာ ခေါင်းကိုလက်နှင့်ဖိကိုင်ကာ နေရာမှထ၍ကမ်းဘက်ဆီသို့လှမ်းမျှော်ကြည့်လိုက်သည်။ ဦးသိဒ္ဓိက သင်္ဘောဦးပိုင်းဆီမှ အလျှင်စလိုပြေးဆင်းလာပြီး...

"ကမ်းစပ်မှာ လူတစ်ယောက်ရှိနေတယ်... သေချာတယ် အဲ့ဒါသိင်္ဃပဲ"

"ဟင်"

ခေတ္တရာ ရင်တွေတစ်လှပ်လှပ်နှင့် တုန်ရင်လာရပြီး အနီးရှိ သင်္ဘောလက်ရမ်းကိုဆုပ်ကိုင်ထားလိုက်ရသည်။ Portal ပွင့်ချိန်နှင့်ပတ်သက်၍ ဦးသိဒ္ဓိ၏ ခန့်မှန်းချက်သည် မှန်ကန်ခဲ့ပြီ။ ဦးဒီပက သင်္ဘောစက်ခန်းသို့ အရေးတကြီးလှမ်းအော်လိုက်၏။

"မောင်စံသာ... သင်္ဘောကို ကမ်းဘက်မြန်မြန်ကပ်ဖို့လုပ်ပါ"

ကမ်းသို့နီးလာသည်နှင့် ကမ်းစပ်တွင် တစ်စုံတစ်ယောက်လဲလျောင်းနေသည်ကို လှမ်း၍မြင်နေရပြီ။ ခေတ္တရာ စိတ်လှုပ်ရှားစွာဖြင့် သင်္ဘောရပ်အောင်ပင် မစောင့်နိုင်ဘဲ ရေထဲသို့ခုန်ချပစ်လိုက်တော့၏။

"ဝုန်း!"

"ဟင်... ဘုရင်မင်းမြတ်! သတိထားပါ"

လှမ်း၍ သတိပေးသံနှင့်အတူ ကိုစံသာနှင့် ကိုယ်ရံတော်အချို့ပါ ရေထဲသို့ခုန်ချ၍ ခေတ္တရာနောက်သို့လိုက်လာကြသည်။ ကမ်းစပ်တွင် ပက်လက်အနေအထားဖြင့် လဲလျှောင်းနေသူ၏ ငွေမှင်ရောင်ဆံပင်ရှည်တို့ကို လှမ်းမြင်လိုက်ရချိန်၌ ခေတ္တရာအသက်ရှုပင်အောင့်ထားလိုက်မိတော့၏။

Our Neverland Where stories live. Discover now