"အင်း... အေးတယ်"
ရင်ခွင်ထဲမှ တိုးဖွဖွအသံကြောင့် သော်ကမျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ ကားမှန်တွင်မြူနှင်းမှုန်တို့ခိုတွဲကပ်ငြိနေကြပြီး မနက်ခင်းအလင်းရောင်နှင့်အတူ အပြင်ဘက်သို့ မှုန်ဝါးဝါးသာမြင်ရသည်။
"ခေတ်"
"အင်း"
ခေတ်က သော်ကရင်ခွင်ထဲသို့ပို၍တိုးဝင်ကာ မျက်လုံးများကို မဖွင့်ဘဲပြန်ထူးသည်။
"ခေတ်... ခဏလေး... အဝတ်တွေပြန်ဝတ်ရအောင်"
"ဟင့်အင်း... အေးတယ်"
ခေတ်၏ကိုယ်တွင် ညကသော်ကပြန်ဝတ်ပေးထားသော ရှပ်အင်္ကျီလက်ရှည်နှင့် အတွင်းခံဘောင်းဘီတစ်ထည်သာရှိသည်။ ခေတ်အားဖက်ထားလျှက်နှင့်ပင် ကားရှေ့ခုံပေါ်သို့ ပစ်တင်ထားသော ဘောင်းဘီရှည်ကို လှမ်း၍ဆွဲယူရ၏။
"ခေတ်... ခဏလေးနော်"
သော်က ခေတ်အား အဝတ်အစားများပြန်ဝတ်ပေးပြီး ဆွဲထူရသည်။ ပင်လယ်လေတဖြူးဖြူးနှင့် လွင်ပြင်သည် အအေးဓာတ်က သာမန်ထက်ပို၍လွန်ကဲနေ၏။ ညက ချွတ်၍လွှင့်ပစ်ထားမိသော သော်က၏ကုတ်အင်္ကျီသည် ကားပြတင်းပေါက်အပြင်ဘက်တွင် မြူနှင်းတို့ဖြင့် စိုထိုင်းနေပေလိမ့်မည်။
"ပြန်ကြမယ်နော် ခေတ်... နန်းတော်ရောက်မှ ခဏပြန်အိပ်...နော်"
ခေတ်က ခေါင်းညိတ်၏။ သော်က ကားခုံအောက်မှ ရှုးဖိနပ်များကိုရှာယူပြီး ခေတ်၏ခြေထောက်တွင် ဝတ်ပေးလိုက်သည်။ ထို့နောက် ခေတ်၏နဖူးအား ဖွဖွငုံ့နမ်းကာ ကားရှေ့ခန်းသို့ကျော်ဝင်၍ မောင်းသူနေရာ၌ ဝင်ထိုင်လိုက်၏။ ခေတ်ကလည်း သော်ကနည်းတူ ကျော်ဝင်လာ၍ နံဘေးတွင်ဝင်ထိုင်လာသည်။
မီတာ ၅၀၀ အကွာတွင် ထိုးရပ်ထားရသော ကိုယ်ရံတော် အဖွဲ့ (၁) ကားများ လှုပ်လှုပ်ရွရွဖြစ်လာကြပြီး လွင်ပြင်ထဲမှ ကား၏ အရိပ်အခြေကို စောင့်ကြည့်နေကြရသည်။
"ကိုယ်ရံတော် နံပါတ် ၁၃!"
"ခင်ဗျာ!"
ကားပြတင်းပေါက်ဆီမှငုံ့ကိုင်း၍ ခေါင်းဆောင်၏ ခေါ်လိုက်သံကြောင့် ကိုယ်ရံတော် နံပါတ် ၁၃ ငိုက်မြည်းနေရာမှ လန့်ဖြတ်၍ထူးလိုက်ရသည်။
YOU ARE READING
Our Neverland
RomanceMyanmar Boy Love Fiction ပင်လယ်ထဲမှာ ခရီးသွားရင်း မထင်မှတ်ဘဲ Black Hole ကြီးကနေလမ်းပျောက်ပြီး မြေပုံထဲမှာ ပျောက်နေတဲ့ Lost Country ထဲကိုရောက်သွားတဲ့ Boboy ဆိုတဲ့ကောင်လေးတစ်ယောက်... Lost Country က အိမ်ရှေ့စံ တော်ဝင်မင်းသားနဲ့ ရုတ်တရက် လက်ထပ်လိုက်ရသ...