Ep 17 (U)

17.7K 1.8K 435
                                    

စားပွဲပေါ်ရှိ ရေခွက်ကိုငေးကြည့်နေရင်း အောင်စံဖြိုးတစ်ယောက် စိတ်လှုပ်ရှားမှုကို ထိန်းမရဖြစ်နေသည်။ လက်ထဲမှ တစ်ရှူးပေပါကိုလုံးချေနေမိသည်မှာလည်းမွမွကြေလုနီးပါးပင်။

ကော်ဖီဆိုင်၏ တံခါးပေါက်ဆီမှ ခေါင်းလောင်းမည်သံနှင့်အတူ ဝင်လာသည့်လူနှစ်ယောက်ကြောင့် အောင်စံဖြိုး၏ ခန္ဓာကိုယ်သည်မတ်ခနဲ သတိဆွဲထားသလိုဖြစ်သွားရ၏။

"မောင်အောင်စံဖြိုးလားမသိဘူး"

"ဟုတ်ပါတယ်ခင်ဗျ"

အသားလတ်၍ အရပ်ပုပု ခပ်ဖိုင့်ဖိုင့်နှင့်လူက စတင်မေးလာသဖြင့် အောင်စံဖြိုးက မတ်တပ်ရပ်၍နှုတ်ဆက်ကာ နေရာပေးရသည်။ ဘေးမှ အရပ်ထောင်ထောင်မောင်းမောင်း ဥပဓိရုပ်ကောင်းကောင်း ငွေမှင်ရောင်ဆံပင်ရှည်များနှင့်လူကြီးအား မြင်လိုက်တော့ အောင်စံဖြိုး အတန်ကြာဆွံ့အသွားမိရ၏။ ထိုလူကြီးသည် ကော့သောင်းစျေးထဲတွင်တွေ့ခဲ့ဖူးသောလူကြီးဖြစ်၏။

"ဦးလေး... ဦးလေးက"

"အရင်ထိုင်ပါဦး မောင်အောင်စံဖြိုး"

"ဟုတ်ကဲ့"

ဦးလေးကြီးက ထိုင်ခိုင်းသဖြင့်အောင်စံဖြိုး နေရာမှာပြန်ထိုင်လိုက်ရသော်လည်း စကားပြောဖို့ကိုစိတ်လောနေရသည်။ ပုပု ဝဝနှင့် ဘေးမှလူက အရင်မိတ်ဆက်၏။

"အစ်ကို့နာမည်က ဇော်လင်းပါ ဒီကညီလေးရဲ့ facebook post ကိုစပြီးတွေ့ခဲ့လို့ ဒီက ဦးလေးနဲ့တိုင်ပင်ပြီး page မှာ ဆက်သွယ်လိုက်တာပါ"

"ဟုတ်ကဲ့... ကျွန်တော်က အောင်စံဖြိုးပါ page messenger မှာပြောထားပြီးသလိုပါပဲ... အစ်ကိုတို့ သောက်စရာတစ်ခုခုမှာပါဦး"

"ဘာဖြစ်ဖြစ် ရပါတယ်"

အောင်စံဖြိုးက ဆိုင်ဝန်ထမ်းအားလှမ်းခေါ်၍ ကော်ဖီနှစ်ခွက်ထပ်မှာပေးလိုက်သည်။

"အစ်ကိုတို့က ကော့သောင်းကနေလာတာပါ"

"ဟုတ်ကဲ့ ကျွန်တော် ဒီဦးလေးကို ပျောက်သွားတဲ့ ကျွန်တော့်သူငယ်ချင်းနဲ့အတူ ကော့သောင်းစျေးထဲသွားတုန်းက တွေ့ခဲ့ဖူးပါတယ်"

အောင်စံဖြိုး၏အပြောကြောင့် ဦးလေးကြီးက အံ့ဩဟန်ဖြင့်မျက်ခုံးများပင့်တက်သွားကြသည်။

Our Neverland Where stories live. Discover now